နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ အာရှနိုင်ငံတွေကို အမေရိကန်အနေနဲ့ ထိန်းချုပ်နိုင်မှာ မဟုတ်ကြောင်းနဲ့ ဒီနှစ်နိုင်ငံကြားစစ်ပွဲက မိမိတို့ကိစ္စမဟုတ်ကြောင်း အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ်က ပြောပါတယ်။ မေလ ၈ ရက်က Fox News နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ အိန္ဒိယနဲ့ပါကစ္စတန်အနေနဲ့ တင်းမာမှုတွေ အရှိန် လျှော့သင့်တယ်လို့ ပြောခဲ့ပေမယ့် ဒါဟာ မိမိတို့ကိစ္စမဟုတ်ဘူးလို့ ဗန့်စ်က ပြောခဲ့တာပါ။

အမေရိကန်အနေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက နှစ်နိုင်ငံလုံးနဲ့ တွေ့ဆုံဆွေးနွေးတာတွေ ပြုလုပ်ခဲ့သလို နိုင်ငံခြား ရေးဝန်ကြီး မာကိုရူဘီယိုကလည်း မေလ ၈ ရက်မှာ ပါကစ္စတန်ဝန်ကြီးချုပ်၊ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ ဆက်သွယ်စကားပြောဆိုခဲ့ပြီး တင်းမာမှုတွေ လျှော့ချဖို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းခဲ့ပါတယ်။အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိန္ဒိယနဲ့ ပါကစ္စတန်ကြား တင်းမာမှုတွေ မြင့်တက်လာတဲ့အပေါ် ဝေဖန်ခဲ့သလို အမေရိကန်နိုင်ငံခြားရေးဌာနကလည်း နှစ်နိုင်ငံလုံးအနေနဲ့ တာဝန်ယူမှု ရှိရှိ ဖြေရှင်းဖို့ တိုက်တွန်းထားပါတယ်။

အိန္ဒိယဟာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို တန်ပြန်ရာမှာ အမေရိကန်အတွက် အရေးပါတဲ့ မဟာမိတ်ဖြစ်ပြီး ပါကစ္စတန်ဟာလည်း အမေရိကန်တပ်တွေ အာဖဂန်နစ္စတန်က ထွက်ခွာပြီးနောက် အရေးပါမှု လျော့ကျ သွားပေမယ့် မိတ်ဖက်နိုင်ငံအဖြစ် ဆက်ရှိနေတာပါ။ အိန္ဒိယနဲ့ ပါကစ္စတန်ကြား ပြီးခဲ့တဲ့ နှစ်ရက်ကြာ တိုက်ပွဲ အတွင်းမှာ လူပေါင်း ၄ ဒါဇင်နီးပါး သေဆုံးခဲ့ပါတယ်။