အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတပူတင်တို့နှစ်ဦး တယ်လီဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးပြီးနောက် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေတိုက်ခိုက်တာကို ရပ်တန့်ဖို့ ပူတင်က သဘောတူညီခဲ့ကြောင်း Reuters သတင်းမှာ ပါရှိပါတယ်။

သမ္မတထရမ့်ပြောတဲ့ ယူကရိန်းနဲ့ ရုရှားတို့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက် အအုံတွေကို တိုက်ခိုက်မှု ရက် ၃၀ ရပ်နားရေး အဆိုပြုချက်ကို သမ္မတပူတင်က ထောက်ခံတယ်လို့ ရုရှားအစိုးရက ပြောပါတယ်။ရုရှားဟာ ယူကရိန်း စွမ်းအင်လိုင်းတွေကို ၂၀၂၂ ခုနှစ်ကတည်းက အကြိမ်ကြိမ် တိုက်နေခဲ့တာပါ။အိမ်ဖြူတော်က မကြာခင်ကမှ ထုတ်ပြန်လိုက်တဲ့ ဖော်ပြချက်အရ ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေးဖော်ဆောင် ရာမှာ စွမ်းအင်နဲ့ အခြေခံအဆောက်အအုံဆိုင်ရာတွေ ပစ်မှတ်ထားနေတာကို ရပ်တန့်ရေး စတင်မယ်လို့ သဘော တူခဲ့ကြတယ်လို့ သိရပါတယ်။

သူတို့ဟာ ပင်လယ်နက်မှာ ရေလမ်းကြောင်း အပစ်ရပ်စဲရေး၊ အလုံးစုံ အပစ်ရပ်ရေးနဲ့ ထာဝရ ငြိမ်းချမ်းရေးအတွက် လုပ်ငန်းဖော်ဆောင်မှု ညှိနှိုင်းဆွေးနွေးတာတွေကိုလည်း သဘောတူခဲ့ကြတယ်လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။ဒါ့အပြင် ခေါင်းဆောင်နှစ်ဦးက အရှေ့အလယ်ပိုင်းမှာနောက်ထပ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ချက်ချင်းကျင်းပဖို့ လည်း သဘောတူညီခဲ့တယ်လို့ ရုရှားအစိုးရက ပြောပါတယ်။