အမေရိကန်သမ္မတနဲ့အိန္ဒိယ၀န်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးပြီး နှစ်နိုင်ငံစွမ်းအင်သဘောတူညီချက် ကြေညာ ခဲ့ကြောင်း CNN သတင်းမှာ ရေးသားထားပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ အိမ်ဖြူတော်မှာ ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ဆုံခဲ့တာပါ။

နှစ်နိုင်ငံအကြား ကုန်သွယ်မှု လိုငွေပြမှုကို လျှော့ချနိုင်ဖို့ အတွက် ဒေလီအနေနဲ့ အမေရိကန်က ရေနံနဲ့သဘာဝဓာတ်ငွေ့ကို ပိုမိုတင်သွင်းယူဖို့ ဒေါ်နယ်ထရမ့်က တိုက်တွန်း ပြောကြားလာပါတယ်။ မိုဒီကလည်း အိန္ဒိယရဲ့စွမ်းအင်လုံခြုံရေးကို သေချာစေဖို့အတွက် ရေနံနဲ့သဘာဝဓာတ်ငွေ့ ကုန်သွယ်မှုကို အာရုံစိုက်ဆောင်ရွက်သွားမှာဖြစ်သလို နျူကလီးယားစွမ်းအင်ကဏ္ဍမှာလည်း ပိုမိုရင်းနှီးမြှုပ်နှံ သွားမှာဖြစ်တယ်လို့ ကတိပြုပြောကြားခဲ့ပါတယ်။

တရုတ်က အာရှဒေသတွင်းမှာ အင်အားခိုင်မာအောင် လုပ်ဆောင်နေချိန် ထရမ့်ကလည်း ကမ္ဘာ့လူဦးရေအများဆုံး အိန္ဒိယနဲ့ ဆက်ဆံရေး ခိုင်မာအောင်လုပ်ဖို့နဲ့ အမေရိကန်ရဲ့ ကာကွယ်ရေးနဲ့ စွမ်းအင်ဆိုင်ရာပစ္စည်းတွေ ရောင်းချမှု တိုးလာအောင် လုပ်ဆောင်မှာဖြစ်တယ်လို့ ထရမ့်အစိုးရအဖွဲ့ အရာရှိတွေက ပြောပါတယ်။