အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ကာလကြာရှည်သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက်ဖြစ်ခဲ့သူ ဂျိုးဘိုင်ဒန်မှာ ပြင်းထန်တဲ့ ဆီးကျိတ်ကင်ဆာရှိနေကြောင်း ဆေးစစ်တမ်းထွက်လာတာကို ကြားသိရတဲ့အတွက် များစွာ စိတ်မကောင်းဖြစ် ရကြောင်း Truth Social ပေါ်မှာ ရေးသားခဲ့တာကို ရိုက်တာသတင်းမှာ ဖော်ပြပါရှိပါတယ်။

“ မီလာနီယာနဲ့ကျွန်တော်ဟာ ဂျိုးဘိုင်ဒန်ရဲ့မကြာသေးခင်က ဆေးစစ်တမ်းအကြောင်း ကြားသိရလို့ စိတ်မကောင်း ဖြစ်ကြရပါတယ်။ သမ္မတကတော်ဟောင်း ဂျေးလ်နဲ့မိသားစုနဲ့အတူ ကျန်းမာချမ်းသာပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ဂျိုးလည်း အမြန်ဆုံး ပြန်လည်သက်သာပါစေလို့ဆုတောင်းပါတယ်” လို့ သမ္မတထရမ့်က Truth Social ပေါ်မှာ ရေးသားခဲ့ပါတယ်။ပုံမှန်ကျန်းမာရေးစစ်ဆေးမှု လုပ်ဆောင်စဉ်အတွင်း အသက် ၈၂ နှစ် အရွယ်ရှိပြီဖြစ်တဲ့ သမ္မတဟောင်း ဂျိုးဘိုင်ဒန် မှာ ပြင်းထန်မှုအဆင့် ၉ ရှိ ဆီးကျိတ်ကင်ဆာပုံစံတစ်မျိုး စစ်ဆေးတွေ့ရှိရတယ်လို့ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါ တယ်။ ဂျိုးဘိုင်ဒန်ဟာ ၂၀၂၃ ခုနှစ်ကလည်း အသက်အန္တရာယ်မရှိတဲ့ အရေပြားကင်ဆာတစ်မျိုး ဖြစ်ခဲ့ဖူးပြီး အောင်အောင်မြင်မြင် ခွဲစိတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။