အိန္ဒိယ တာတာအုပ်စုပိုင် Air India လေကြောင်းလိုင်းဟာ လေယာဉ်ပျံသန်းမှု အားကောင်းလာစေဖို့ နောက်ထပ် Airbus ခရီးသည်တင်လေယာဉ် အစင်း ၁၀၀ ဝယ်ယူမယ်လို့ ကြေညာခဲ့ပါတယ်။

ရရှိခဲ့တဲ့ သဘောတူညီချက်အရ A350 ကိုယ်ထည်ကျယ်လေယာဉ် ၁၀ စင်းနဲ့ A320 ကိုယ်ထည်ကျဉ်းလေယာဉ် အစင်း ၉၀ ပါဝင်တယ်လို့ ဒီဇင်ဘာ ၉ ရက်က ပြောပါတယ်။ အဲဒီလေယာဉ်တွေရဲ့ ခန့်မှန်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ဘီလီယံ ၇၀ လောက် ရှိပါတယ်။Air India လေကြောင်းလိုင်းဟာ ၂၀၂၃ ခုနှစ်ကလည်း Airbus လေယာဉ်အစင်း ၂၅၀ မှာယူထားတာမို့ အခုဆိုရင် လေယာဉ်အစင်းရေ ၃၅၀ အထိ မှာယူခဲ့တာဖြစ်ပါတယ်။

အမျိုးသားလေကြောင်းလိုင်းကို ၂၀၂၂ ခုနှစ်မှာ လွှဲပြောင်းယူခဲ့ပြီးကတည်းက တာတာအုပ်စုဟာ လေယာဉ်အသစ် တွေ မှာယူပြီး ရှိပြီးသား လေယာဉ်တွေကိုလည်း အဆင့်မြှင့်တင်တာတွေနဲ့ အရှုံးပေါ်နေတဲ့ လေကြောင်းလိုင်းကို လည်ပတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

Air India ကို ကမ္ဘာ့အဆင့်မီ လေကြောင်းလိုင်းအဖြစ် တည်ဆောက်ဖို့ ရည်မှန်းထားပြီး အိန္ဒိယကို ကမ္ဘာရဲ့နေရာတိုင်းနဲ့ ချိတ်ဆက်သွားမယ်လို့ တာတာအုပ်စု ဥက္ကဋ္ဌ ချန်ဒရာဆီကာရန်က ပြောဆိုခဲ့ပါတယ်။ Air India ရဲ့ နောက်ဆုံးရင်းနှီးမြှုပ်နှံမှုကို ကျေနပ်မိတယ်လို့လည်း Airbus စီအီးအိုက ထုတ်ပြန်ခဲ့ပါတယ်။