AI နည်းပညာကိုအသုံးပြုပြီး ကမ္ဘာပေါ်မှာ အကြီးဆုံးဖြစ်လာမယ့် ရေပေါ်လေဆိပ်ကြီးတစ်ခုကို တရုတ်နိုင်ငံက တည်ဆောက်နေကြောင်း CNN သတင်းမှာ ဖော်ပြထားပါတယ်။ ဒါဟာ တရုတ်နိုင်ငံ လေကြောင်းစာရင်းမှာ ထူးခြားမှုတစ်ခု ဖြစ်လာမှာဖြစ်သလို အထင်ကရတစ်ခုလည်း ဖြစ်လာမှာပါ။

နိုင်ငံအရှေ့မြောက်ဘက်ကမ်းရိုးတန်းမှာ အခုတည်ဆောက်နေတဲ့ Dalian Jinzhou Bay အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးဟာ ပြေးလမ်းလေးခုနဲ့ စတုရန်းမီတာ ၉၀၀,၀၀၀ ကျယ်ဝန်းတယ်လို့ ဆိုပါတယ်။ဆောက်လုပ်မှုအတွင်း ကြီးမားတဲ့စိန်ခေါ်မှုတွေရှိသလို ရှုပ်ထွေးတဲ့ပထဝီဝင်အခြေအနေတွေ၊ တူးဖော်ရခက်ခဲမှုနဲ့ ကုန်ကျစရိတ်ကြီးမားမှုတွေ များစွာကြုံတွေ့ခဲ့ရတယ်လို့ Dalian Airport Construction and Development Co., Ltd. မှ အင်ဂျင်နီယာချုပ်တစ်ယောက်က ပြောကြားထားပါတယ်။

လေဆိပ်အသစ်တွေ ဆောက်လုပ်တာဟာ တရုတ်နိုင်ငံ လေကြောင်းတိုးတက်မှုရဲ့ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး အမေရိကန်ကို ကျော်ဖြတ်ကာ ကမ္ဘာ့အကြီးဆုံး လေကြောင်းခရီးသွားဈေးကွက်တစ်ခု ဖြစ်လာဖို့လည်း ခန့်မှန်းချက်တွေ ရှိနေတာပါ။ဒီစီမံကိန်းပြီးစီးရင် ခရီးစဉ်ပေါင်း ၅၄၀,၀၀၀ ပို့ဆောင်နိုင်မှာဖြစ်ပြီး တစ်နှစ်ကို ခရီးသည် သန်း ၈၀ နီးပါး ဝင်ရောက်နိုင်ဖို့လည်း ရည်မှန်းထားပါတယ်။ AI နည်းပညာအသုံးပြုပြီး တည်ဆောက်နေတဲ့ ရေပေါ်လေဆိပ်ကြီး ကို လာမယ့် ၂၀၃၅ ခုနှစ်မှာ စတင်ဖွင့်လှစ်ဖို့လည်း သက်ဆိုင်ရာအာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။