ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ဘရာဇီးအနေနဲ့ ဥရောပသမဂ္ဂဈေးကွက်ကို ကြက်ငှက်တွေ တင်ပို့တာ ရပ်ဆိုင်းလိုက်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ဘရာဇီးနိုင်ငံ ရီယိုဂရန်းဒိုဆူလ်ပြည်နယ်အတွင်းက မွေးမြူရေးခြံတစ်ခုမှာ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေ ကြောင်း တွေ့ရှိပြီးနောက် ဘရာဇီးအနေနဲ့ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့(WOAH)ကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် ဘရာဇီးအနေနဲ့ အီးယူကို ကြက်ငှက်တွေ တင်ပို့ဖို့အတွက် လိုအပ်တဲ့ လက်မှတ်ရရှိတော့ မှာ မဟုတ်ဘဲ ဘရာဇီးကနေ ကြက်ငှက်တွေ ဝယ်ယူတင်သွင်းတာကို ရပ်ဆိုင်းလိုက်တယ်လို့ ဥရောပကော်မရှင်က မေလ ၁၉ ရက်မှာ အတည်ပြုခဲ့ပါတယ်။

ဥရောပသမဂ္ဂဈေးကွက်အနေနဲ့ ဘရာဇီးကနေ အဓိက ကြက်သားဝယ်ယူနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က အီးယူဈေးကွက်ကို ကြက်သားတင်သွင်းမှု စုစုပေါင်းရဲ့ ၃၂ ရာခိုင်နှုန်းဟာ ဘရာဇီးက ဖြစ်ပါတယ်။ကြက်ငှက်တုပ်ကွေးပျံ့နှံ့မှုကို ထိန်းချုပ်တဲ့အနေနဲ့ ရီယိုဂရန်းဒိုဆူလ်ပြည်နယ်မှာ ကြက်ငှက်ဥပေါင်း ၁ ဒသမ ၇ သန်းခန့်ကို ဖျက်ဆီးခဲ့တယ်လို့ ပြည်နယ်စိုက်ပျိုးရေးဌာနက ပြောပါတယ်။ ဘရာဇီးဟာ ကမ္ဘာ့အကြီးဆုံး ကြက်သားတင်ပို့တဲ့ နိုင်ငံဖြစ်ပြီး တရုတ်၊ ယူအေအီး၊ ဂျပန်၊ ဆော်ဒီအာရေးဗီးယားနဲ့ တောင်အာဖရိက ဈေးကွက်တွေက ဘရာဇီးကြက်သားကို အဓိက ဝယ်ယူနေတာဖြစ်ပါတယ်။