ရုရှားနိုင်ငံ၊ ဘာယာ့ဇ်ဒေသမှာ မေလ ၃၁ ရက် ညနေပိုင်းက ခရီးသည်တင် ရထားတစ်စီးပေါ်ကို တံတားပြိုကျမှု ဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့တယ်လို နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

ယူကရိန်းနယ်စပ်နဲ့ ကီလိုမီတာ ၁၀၀ အကွာ ဝန်းကျင်မှာရှိ ဘာယာ့ဇ်ဒေသမှာ အဝေးပြေးလမ်းမှာ တံတားတစ်စင်း ပြိုကျခဲ့တာဖြစ်ပြီး ဒီတံတားအောက်မှာ ရထားသံလမ်း ရှိတာပါ။တံတားပြိုကျမှုကြောင့် တံတားပေါ်မှာ ရှိတဲ့ ထရပ်ကားတွေပါ အောက်က ခရီးသည်တင် ရထားပေါ် ပြုတ်ကျတဲ့ဖြစ်စဉ် ဖြစ်ခဲ့တာဖြစ်ပြီး အနည်းဆုံး လူ ၃၁ ဦးလည်း ဒဏ်ရာရခဲ့တယ်လို ရုရှားအရေးပေါ် ဝန်ကြီးဌာနက သိရပါတယ်။အသက်ရှင်သူတွေကို ရှာဖွေကယ်ဆယ်ဖို မီးသတ်နဲ့ ကယ်ဆယ်ရေးတပ်ဖွဲတွေက ကြိုးစားနေကြပြီး ဒဏ်ရာရရှိသူတွေအကုန်လုံးကို ဒေသတွင်းမှာရှိတဲ့ ဆေးရုံ ဆေးခန်းတွေကို ပိုဆောင်နေပါတယ်။

မော်စကိုရဲ့ ဒေသဆိုင်ရာ သယ်ယူပိုဆောင်ရေး အစိုးရရှေ့နေရုံးကလည်း ဒီဖြစ်ရပ်နဲ့ပတ်သက်လို စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို ပြောပါတယ်။အရေးပေါ် ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးတွေ ဆက်လုပ်ဖိုအတွက် ကယ်ဆယ်ရေးလုပ်သား ၁၈၀ လောက်ကို ထပ်စေလွှတ်ထားတယ်လို ရုရှားအာဏာပိုင်တွေက ပြောထားပါတယ်။ဒီဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ ခရီးသည်တင်ရထားက ကလီမိုဗိုကနေ မော်စကိုကို သွားရောက်နေတဲ့ ရထားဖြစ်ပါတယ်။