သမ္မတဟောင်း ခရစ္စတီးနားဖာနန်ဒက်ဇ်ကို စွဲဆိုထားတဲ့ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ထောင် ဒဏ် ၆ နှစ်ပြစ်ဒဏ်ကို အာဂျင်တီးနားနိုင်ငံ တရားရုံးချုပ်က ဇွန်လ ၁၀ ရက်မှာ အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း AP သတင်းမှာ ရေးသားထားပါတယ်။

တရားရုံးဆုံးဖြတ်ချက်က ပီရွန်ဝါဒီလို့ သိကြတဲ့ အာဂျင်တီးနားနိုင်ငံ ပြိုင်ဘက်နိုင်ငံရေးအဖွဲ့ရဲ့ ခေါင်းဆောင် ခရစ္စ တီးနားဖာနန်ဒက်ဇ်ကို အစိုးရရာထူးတွေ ရယူလို့ မရနိုင်အောင် ဖြစ်စေခဲ့ပါတယ်။ ဒီအမှုကြောင့် လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်းကတည်းက အာဂျင်တီးနားနိုင်ငံရဲ့အရေးအကြီးဆုံး နိုင်ငံရေးပုဂ္ဂိုလ်တွေထဲက တစ်ယောက်ဖြစ်တဲ့ ခရစ္စတီးနားဖာနန်ဒက်ဇ်ဟာ အာဏာပိုင်တွေရဲ့ဖမ်းဆီးမှုကို ခံရလုဆဲဆဲ ဖြစ်နေခဲ့တာပါ။ ဖာနန်ဒက်ဇ်ဟာ ၂၀၀၇ ခုနှစ်မှာ သူ့ခင်ပွန်းဖြစ်သူကို အနိုင်ရရှိခဲ့ပြီးနောက် ၈ နှစ်ကြာအောင် သမ္မတရာထူး ရယူ အုပ်ချုပ်ခဲ့တာပါ။ သူ့အုပ်ချုပ်မှုအောက်မှာ အာဂျင်တီးနားဟာ အထိန်းအချုပ်မဲ့ ငွေကြေးသုံးစွဲမှုနဲ့ ဘဏ္ဍာရေး လိုငွေပြမှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားလာခဲ့ပါတယ်။

သူဟာ အုပ်ချုပ်နေစဉ်ကာလအတွင်း နိုင်ငံပိုင်ဘဏ္ဍာတွေကို သူနဲ့ရင်းနှီးတဲ့စီးပွားရေးသမားတစ်ယောက်ဆီကို မူမမှန်တဲ့ပုံစံနဲ့ခွဲဝေပေးမှုတွေကနေတစ်ဆင့် ဒေါ်လာသန်းချီတဲ့ လိမ်လည်မှု ကျူးလွန်ခဲ့ကြောင်း ဖက်ဒရယ် တရားရုံးက အတည်ပြုခဲ့ပါတယ်။အာဂျင်တီးနားနိုင်ငံရဲ့လက်ယာစွန်းဝါဒီ သမ္မတဟာဗီယာမီလိန်းကတော့ တရားရုံးရဲ့အမိန့်ကို ကြိုဆိုပြီး ဒါဟာ တရားမျှတမှုပါပဲလို့ လူမှုကွန်ရက် အိက်စ်ပလက်ဖောင်းမှာ တင်ခဲ့ပါတယ်။ ဒါ့အပြင် ဖာနန်ဒက်ဇ်ဟာ နောက်ထပ် လိမ်လည်မှုဆိုင်ရာပြစ်မှုတွေအတွက်လည်း ဥပဒေအရ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။