မိုက်ခရိုဆော့ဖ်တည်ထောင်သူ ဘီလီယံနာ ဘီလ်ဂိတ်က သူ့ရဲ့ ကြွယ်ဝချမ်းသာမှုအများစုကို အာဖရိကတိုက်ရဲ့ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ ဝန်ဆောင်မှုတွေ တိုးတက်လာစေရေး သုံးစွဲသွားမယ်လို့ ပြောပါတယ်။

အီသီယိုးပီးယားနိုင်ငံရဲ့မြို့တော် အဒစ်အဘာဘာကို ရောက်ရှိစဉ်မှာ သူကအခုလိုပြောကြားခဲ့တာဖြစ်ပြီး အာဖရိကတိုက်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်ဖို့ ဆောင်ရွက်ရာမှာ ဉာဏ်ရည်တု AI နည်းပညာကိုပါ ထည့်သွင်းသုံးစွဲဖို့လည်း စဉ်းစားဖို့ ဘီလ်ဂိတ်က တိုက်တွန်းခဲ့ပါတယ်။ဘီလ်ဂိတ်ဟာ လာမဲ့၂၀၄၅ ခုနှစ်မှာ သူ့ရဲ့ ကြွယ်ဝချမ်းသာမှုဟာ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ အထိ ရှိလာမယ်လို့ မျှော်မှန်းထားတာဖြစ်ပြီး လာမယ့် နှစ် ၂၀ အတွင်း သူ့ ချမ်းသာကြွယ်ဝမှုရဲ့ ၉၉ ရာခိုင်နှုန်းကို လှူဒါန်းဖို စီစဉ်ထားတာပါ။

မိုဇမ်ဘစ်နိုင်ငံရဲ့ သမ္မတကတော်ဟောင်းက ဘီလ်ဂိတ်ရဲ့ ကြေညာချက်ကို ကြိုဆိုခဲ့ပြီး အခုချိန်က အာဖရိကအတွက် အကျပ်အတည်းဖြစ်နေတဲ့ အခိုက်အတန့်လို့ ပြောပါတယ်။အမေရိကန်သမ္မတ ထရမ့်ရဲ့ ရန်ပုံငွေဖြတ်တောက်တဲ့ အစီအမံတွေကြောင့် HIV လူနာတွေအပါအဝင် အာဖရိကတိုက်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာ ထိခိုက်မှုအများအပြား ရှိနေတာပါ။ဘီလ်ဂိတ်ဟာ သူ့ရဲ့ဖောင်ဒေးရှင်းကနေတစ်ဆင့် လှူဒါန်းမှုတွေကို အရှိန်မြှင့်မယ်လို့ ပြီးခဲ့တဲ့လတုန်းတည်းက ကြေညာခဲ့တာ ဖြစ်ပါတယ်။