ဒီကနေ့ ဖေဖော်ဝါရီလ ၂၀ ရက် တောင်အာဖရိကမှာ အမေရိကန်မပါဝင်တဲ့ G20 နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပတော့မှာဖြစ်တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ထိပ်တန်းနိုင်ငံကြီး နှစ်ဆယ်က ထိပ်တန်းသံတမန်တွေပါဝင်မဲ့ အစည်းအဝေးကို တောင်အာဖရိကမှာ ကျင်းပမှာဖြစ်ပြီး အဲဒီအစည်းအဝေးပွဲကို အမေရိကန် ထိပ်တန်းသံတမန်တွေကတော့ ပြစ်တင်ရှုတ်ချထားကြပါတယ်။

နိုဝင်ဘာလမှာ ကျင်းပတော့မဲ့ G20 ထိပ်သီးအစည်းအဝေးပွဲအတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေက အာဖရိကမှာ ပထမဆုံး အကြိမ် တွေ့ဆုံကြမှာဖြစ်ပြီး ဆွေးနွေးပွဲကို နှစ်ရက်တာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ တောင်အာဖရိကနိုင်ငံ ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က G20 ဥက္ကဋ္ဌရာထူးကို လွှဲပြောင်းရယူခဲ့တာဖြစ်ပြီး ဆင်းရဲနွမ်းပါး သူတွေအတွက် ထောက်ပံ့ကြေးငွေပေးအပ်ဖို့ အခွင့်အလမ်းတစ်ခုလည်း ဖြစ်လာခဲ့တာပါ။ လက်ရှိ G20 အဖွဲ့မှာ နိုင်ငံပေါင်း ၁၉ နိုင်ငံအပြင် ဥရောပသမဂ္ဂနဲ့ အာဖရိကသမဂ္ဂတို့ပါဝင်ပြီး ကမ္ဘာ့ GDP ရဲ့ ၈၀ ရာခိုင်နှုန်းကျော်နဲ့ ကမ္ဘာ့လူဦးရေ သုံးပုံနှစ်ပုံကျော် ရှိပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကလည်း အဲဒီအစည်းအဝေးဟာ “အမေရိကန်ဆန့်ကျင်ရေး” အစီအစဉ်ဖြစ်တဲ့ အတွက် တက်ရောက်မှာ မဟုတ်ဘူးလို့ ကြေညာထားပါတယ်။ အခုလအစောပိုင်းက အမေရိကန်ပြည်ထောင်စု ဟာ အာဖရိကကို အကူအညီပေးပို့မှုတွေ ရပ်တန့်ခဲ့ပြီး ကျန်းမာရေးအပါအဝင် ဝန်ဆောင်မှုတွေအတွက် ရန်ပုံငွေ ထောက်ပံ့မှုတွေလည်း ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။