၂၀၂၃ ခုနှစ် ဆူဒန်ပြည်တွင်းစစ် စတင်ချိန်ကတည်းကနေ လက်ရှိအချိန်ထိ ဆူဒန်နိုင်ငံအတွင်းကနေ လူပေါင်း ၄ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီအခြေအနေဟာ လက်ရှိ ကမ္ဘာ့ရွှေ့ပြောင်းဒုက္ခသည်အကျပ်အတည်းမှာ အဆိုးရွားဆုံး မှတ်တိုင်တစ်ခု ဖြစ်တယ် လို့ UNHCR ပြောရေးဆို ခွင့်ရှိသူက ဇွန်လ ၃ ရက်မှာ ပြုလုပ်ခဲ့တဲ့ ဂျနီဗာသတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ဆူဒန်မှာ ပဋိပက္ခတွေ ဆက်ဖြစ်နေရင် နောက်ထပ် ထောင်နဲ့ချီတဲ့လူတွေ ဆက်လက်ထွက်ပြေးကြရလိမ့်မယ်လို့ သူက ပြောပါတယ်။ ဆူဒန်ဟာ ချဒ်၊ တောင်ဆူဒန်၊ အီဂျစ်၊ အီရီထရီးယား၊ အီသီယိုးပီးယား၊ ဗဟိုအာဖရိက သမ္မတနိုင်ငံ၊ လစ်ဗျားတို့နဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေတာပါ။

ဆူဒန်ဒုက္ခသည် ၈ သိန်းခန့်ဟာ ချဒ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာခဲ့ပြီး ဒီဒုက္ခသည်တွေအတွက် ရန်ပုံငွေ အပြည့်အဝ မရရှိတာကြောင့် အမိုးအကာပေးဖို့ အခက်အခဲတွေ ရှိနေပြီး ဒါဟာ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ လူသားချင်းစာနာမှုဆိုင်ရာ မကြုံစဖူး အကျပ်အတည်းပါလို့ UNHCR က ပြောပါတယ်။နိုင်ငံတွင်းက ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည် ၄ သန်းကျော်အပြင် ပြည်တွင်းမှာလည်း လူပေါင်း ၁၀ သန်းခွဲဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။ ဆူဒန်မှာ ၂၀၂၃ ခုနှစ် ဧပြီလကစလို့ ဆူဒန်စစ်တပ်နဲ့ အမြန်ထောက်ပံ့ရေး တပ်ဖွဲ့ လို့ခေါ်တဲ့ (RSF)တို့အကြား စစ်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။