စစ်ရာဇဝတ်မှု ကျူးလွန်ကြောင်း စွပ်စွဲချက်တွေနဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၊ သူ့ရဲ့ ကာကွယ်ရေးဦးစီးချုပ်နဲ့ ဟားမာ့စ်ခေါင်းဆောင် သုံးဦးကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုထားတယ်လို့ နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ရဲ့ ရှေ့နေရုံးက မေလ ၂၀ ရက်မှာ ပြောပါတယ်။
နေတန်ယာဟု၊ အစ္စရေး ကာကွယ်ရေးဝန်ကြီး ယိုအက်ဂါးလန့်နဲ့ ဟားမာ့စ်ခေါင်းဆောင်တွေဖြစ်တဲ့ ယက်ယာ ဆင်ဝါ၊ မိုဟာမက်အဲလ်မက်ရီနဲ့ အစ္စမေလ်း ဟာနီယာတို့ငါးဦးကို ဝါးရမ်းထုတ်ပြန်ဖို့ ICC ရှေ့နေရုံးက စူးစမ်းနေတာပါ။
သံသယရှိသူငါးဦးစလုံးဟာ အစ္စရေးနိုင်ငံ ဒါမှမဟုတ် ဂါဇာကမ်းမြောင်ဒေသမှာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတယ်လို့ ICC ရှေ့နေ ကာရမ်ခန်းက ပြောပါတယ်။
ဟားမာ့စ် အကြီးတန်း အရာရှိ တစ်ဦးကတော့ ICC ရဲ့ ဆုံးဖြတ်ချက်ဟာ သားကောင်ကို သေဒဏ်ပေးသလိုဖြစ် မယ်လို့ ရိုက်တာကို ပြောပါတယ်။ ဝရမ်းထုတ်ပြန်ဖို့ လုံလောက်တဲ့ အထောက် အထား ရှိမရှိ ဆုံးဖြတ်ဖို့ ICC တရားခွင်အကြို တရားသူကြီးတွေက စူးစမ်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။