နာဆာနဲ့ အမေရိကန် NOAA အေဂျင်စီတွေအတွက် မျိုးဆက်သစ် မိုးလေဝသဆိုင်ရာဂြိုဟ်တုတွေရဲ့ စတုတ္ထနဲ့ နောက်ဆုံးဂြိုဟ်တုကို SpaceX ကုမ္ပဏီက Falcon Heavy ဒုံးပျံနဲ့ လွှတ်တင်ခဲ့တယ်လို့ သိရပါတယ်။ ဇွန် ၂၅ ရက် မှာက ကနေဒီအာကာသစခန်းက လွှတ်တင်လိုက်တဲ့ GOES-U ဂြိုဟ်တုဟာ အနောက်ကမ္ဘာခြမ်းတစ်လျှောက် မိုးလေဝသစောင့်ကြည့်ရေးစွမ်းရည်ကို မြှင့်တင်ဖို့ ဒီဇိုင်းထုတ်ထားပါတယ်။
NOAA ခေါ် အမေရိကန် အမျိုးသား သမုဒ္ဒရာနဲ့လေထုစီမံရေးအေဂျင်စီရဲ့ အဆင့်မြင့် မိုးလေဝသဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်ပြီးနောက် ရော့ကက်ရဲ့အင်ဂျင်နှစ်လုံးဟာ အာကာသစခန်းပေါ် တိကျစွာ ပြန်လည်ဆင်းသက်ခဲ့ပါတယ်။ လွှတ်တင်လိုက်တဲ့ ဂြိုဟ်တုဟာ ည ၁၀ နာရီ ၁၈ မိနစ်မှာ နေရောင်ခြည်ခံ ဆိုလာပြားတွေ ဆန့်ထုတ်နိုင်ခဲ့တယ်လို့ အတည်ပြုခဲ့ပြီး ကိုယ်ပိုင်စွမ်းအင်နဲ့ လှည့်ပတ်နေပြီ ဖြစ်ပါတယ်။
ဒီဂြိုဟ်တုဟာ အနောက်ကမ္ဘာခြမ်း နေရာအများအပြားက ရာသီဥတုနဲ့ အန္တရာယ်ရှိတဲ့ ပတ်ဝန်းကျင် အခြေအနေတွေကို စဉ်ဆက်မပြတ် လွှမ်းခြုံဖော်ထုတ်ပေးမှာ ဖြစ်ပါ တယ်။ ကုန်းမြေရာသီဥတု ခန့်မှန်းရာမှာ အရေးပါတဲ့ အခန်းကဏ္ဍအပြင် ဂြိုဟ်တု အီလက်ထရွန်နစ်၊ GPS နဲ့ ရေဒီယို ဆက်သွယ်ရေးတွေကို အနှောင့်အယှက်ပေးနိုင်တဲ့ ကမ္ဘာနဲ့ အနီးက အာကာသရာသီဥတုကို ကြိုတင် ခန့်မှန်းနိုင်အောင်လည်း အကူအညီပေးမယ့်ဂြိုဟ်တု ဖြစ်တယ်လို့ သိရပါတယ်။