ဘော့စနီးယားနိုင်ငံမှာ အစိုးရက ရုပ်ကြွင်းလောင်စာသုံးစွဲမှုအစား ရေအားလျှပ်စစ်သုံးစွဲဖို့ နီရက်ဗာမြစ်မှာ ဆည်နဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ခဲ့လို့ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေနဲ့ ဒေသခံတွေက မြစ်ရေ စီးဆင်းမှုနဲ့ ဂေဟစနစ်အပေါ် ထိခိုက်လာမှာကို စိုးရိမ်နေကြပါတယ်။
၃၅ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ ၂၀၀၉ ခုနှစ်ကတည်းက တရုတ်နိုင်ငံက ဆီနိုဟိုက်ဒရိုနဲ့အတူ ရွေးချယ်ခံခဲ့ရတဲ့ EFT အုပ်စုဟာ အမေရိကန်ဒေါ်လာ ၆၅ ဒသမ ၈ သန်းနဲ့ ညီမျှတဲ့ သက်သာခွင့်ကို ပထမဆုံး ရရှိခဲ့ပါတယ်။ အခုနှစ်ကုန်မှာ စတင် လည်ပတ်မယ့် စီမံကိန်းနေရာ တစ်လျှာက်လုံးမှာရှိတဲ့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့ လုပ်ဆောင်ခဲ့တယ်လို့ EFT က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
မြေပြိုမှုဖြစ်နိုင်တဲ့ ဘူမိဆိုင်ရာအန္တရာယ်ကို တုံ့ပြန်တဲ့အနေနဲ့ စက်ရုံနေရာကို တစ်ကြိမ် ရွှေ့ပြောင်းထားပြီးဖြစ်တယ်လို့ ဆောက်လုပ်ရေးနဲ့ ဂေဟဗေဒဝန်ကြီးဌာနက ပြောပါ တယ်။ စက်ရုံစတင်လည်ပတ်ချိန်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်တွေအပေါ် တိုင်ကြားမှုတွေ မရှိခဲ့ဘူးလို့လည်း ပြောပါတယ်။
ဒီထုတ်ပြန်ချက်တွေက ခရီးသွားလုပ်ငန်းအပေါ်မှာ ဘဝတွေနဲ့ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းတွေ တည်ဆောက်ခဲ့ကြတဲ့ တောင်ပိုင်းမြစ်ကမ်းမြို့ ကွန်ဂျစ် က တက်ကြွလှုပ်ရှားသူတွေနဲ့ ဒေသခံတွေကို စီးမံကိန်းနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေ လျော့ကျ မသွားစေခဲ့ပါဘူး။