ဟေတီနိုင်ငံမှာ ငြိမ်းချမ်းရေးထိန်းသိမ်းမှုအတွက် ကင်ညာရဲတပ်ဖွဲ့ဝင်တွေ ပထမဆုံးရောက်ရှိလာပြီးနောက်ဟေတီဝန်ကြီးချုပ် ဂါရီ ကော်နီလီက နိုင်ငံကိုပြန်လည်ထိန်းချုပ်သွားမယ်လို့ ဇွန်လ(၂၅)ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ကတိပြုလိုက်ပါတယ်။
ကင်ညာမှာ လူသေဆုံးမှုရှိတဲ့ ဆန္ဒထုတ်ဖော်ပွဲတွေ ရှိနေပေမယ့် ကာရေဘီယံ ကျွန်းနိုင်ငံလေးရဲ့ နှစ်ရှည်လများ စောင့်ကြိုနေခဲ့ရတဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင်စတင်ဖို့ ကင်ညာရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေ ဟေတီကို ပထမဆုံးရောက်ရှိခဲ့တာပါ။ ဒီမစ်ရှင်ကို အရင် ဟေတီအစိုးရက ၂၀၂၂ ခုနှစ်ကတည်းက ပထမဆုံး တောင်းဆိုခဲ့ပေမယ့် ထောက်ခံမှု မရခဲ့ဘဲ မတ်လ အစောပိုင်းမှာ ဝန်ကြီးချုပ် ဟောင်း နုတ်ထွက်သွားခဲ့ပါတယ်။ ဟေတီမှာ အကြမ်းဖက်မှုတွေ အရှိန်မြင့်လာတာကြောင့် ကော်နီလီဟာ ကင်ညာရဲ့ ထောက်ခံမှုရရှိဖို့ နိုင်ရိုဘီမြို့ကို သွားရောက်ခဲ့ပါတယ်။
ဟေတီရဲတပ်ဖွဲ့ကို ကင်ညာရဲတွေက ကူညီ ပေးမှာဖြစ်ပြီး မိမိရဲ့ လုပ်ပိုင်ခွင့်အာဏာကို ပြန်လည်ခိုင်မာအောင် လုပ်နိုင်တော့မှာဖြစ်လို့ ဟေတီနိုင်ငံသား အားလုံး ငြိမ်းချမ်းစွာ နေထိုင်နိုင်ရမယ်လို့ ကော်နီလီက ပြောပါတယ်။ ဟေတီမြို့တော် ပို့အော်ပရင့်စ်လေဆိပ်မှာ ကင်ညာရဲတွေ ရောက်လာချိန် ကင်ညာနိုင်ငံ နိုင်ရိုဘီမြိုတော်မှာလည်း အခွန်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်သူတွေ က ကင်ညာလွှတ်တော်ကို ဝင်ရောက်စီးနင်းဖို့ ကြိုးပမ်းရာမှာ ရဲတွေက ပစ်ခတ်လို့ အနည်းဆုံး လူ ငါးယောက် သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။
မိခင်နိုင်ငံမှာလည်း အခုလို ဖြစ်စဉ်တွေပေါ်ပေါက်နေပေမဲ့ ဟေတီကို ရဲတပ်ဖွဲ့ဝင်တွေ ထပ်မံစေလွှတ်မယ့်အစီအစဉ်ကို မထိခိုက်ဘူးလို့ ကင်ညာက ပြောပါတယ်။ ဒါပေမဲ့ ဟေတီမှာ ငြိမ်းချမ်းမှုထိန်းသိမ်းရေး ကင်ညာရဲ့ ဦးဆောင်နိုင်မှုကို အကဲခတ်တချို့က မေးခွန်းထုတ်နေကြပါတယ်။