ရှစ်လတာ ကြာမြင့်လျက်ရှိနေတဲ့ ဂါဇာ စစ်ပွဲအတွင်းမှာ အစ္စရေးဟာ သူ့နဲ့ ပတ်သက်ပြီး သတင်းမှားတွေ ဖြန့်ဝေနေတယ်လို့ ကုလအတွင်းရးမှူးချုပ်က တနင်္လာနေ့မှာ စွပ်စွဲပြောဆိုလိုက်ပါတယ်။ သူက ဟားမာ့စ်ကို ဘယ်တော့မှ တိုက်ခိုက် ပြောဆိုတာမျိုးမလုပ်ဘူး ၊ ပြစ်တင်ရှုတ်ချတာ မလုပ်ဘူး ၊ ဟားမာ့စ်ကို ထောက်ခံနေတယ်ဆိုပြီး ရင်းမြစ်တစ်ခုတည်းကနေပဲ ကြိမ်ဖန်များစွာ ပြောပြောနေတာကို ကြားသိနေရကြောင်း သတင်းအချက်အလက်ရေးရာနဲ့ ပတ်သက်ပြီး လုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အစ္စရေးကို နာမည်မတပ်ဘဲ ပြောဆိုသွားခဲ့ပါတယ်။
သူ့အနေနဲ့ ဟားမာ့စ်ကို (၁၀၂)ကြိမ် ပြစ်တင်ရှုတ်ချပြီး ၊ အဲဒီအထဲက (၅၁)ကြိမ်ဟာ တရားဝင် မိန့်ခွန်းတွေထဲမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး ကျန်တာတွေကတော့ လူမှုကွန်ရက်ပလက်ဖောင်းတွေပေါ်ကနေ ဖြစ်တယ်လို့ ပြောပါတယ်။ အမှန်တရားကသာ အဆုံးသတ်မှာ အမြဲအနိုင်ရစမြဲဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အစ္စရေး သံအမတ်ကြီး ဂိလတ်ဒ် အာဒန်းကတော့ ဂူတာရက်စ်ရဲ့ ပြစ်တင်ရှုတ်ချမှုတွေဟာ သူရဲ့ လုပ်ရပ်တွေနဲ့ ယှဉ်လိုက်ရင် အခွံကြီး သက်သက်သာ ဖြစ်သလို အကြမ်းဖက်မှုမှာ ပါဝင်သူ အမူတွဲ တစ်ယောက်ဖြစ်ပြီး ဒီနေ့တင် ရာထူးက နုတ်ထွက်သင့်တယ်လို့ ပြောသွားပါတယ်။
အရင်ကတည်းက ကုလသမဂ္ဂ နဲ့ အစ္စရေးနိုင်ငံတို့ကြားက ပြေပျစ်မှုမရှိတဲ့ ဆက်ဆံရေးဟာ အစ္စရေး-ဟားမာ့စ် စစ်ပွဲအတွင်းမှာ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ ကုလအဖွဲ့ဟာ ဘက်လိုက်နေတယ်လို့ အစ္စရေးက စွပ်စွဲထားသလို ကုလဝန်ထမ်းတွေဟာလည်း ဟားမာ့စ်နဲ့ တခြား စစ်သွေးကြွအုပ်စုတွေနဲ့ ပူးပေါင်း အလုပ်လုပ် နေတယ်လို့ စွပ်စွဲထားပါတယ်။
ကုလသမဂ္ဂအဖွဲ့ ကတော့ စွပ်စွဲချက်တချို့ကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ပေမဲ့ ကိစ္စတော်တော်များများမှာ အစ္စရေးဘက်ကနေ အထောက်အထားတွေ မရထားဘူးလို့ ပြောထားပါတယ်။