ဒဏ်ရာရ ပါလက်စတိုင်း အမျိုးသားကို အစ္စရေးတပ်ဖွဲ့ဝင်တွေက စစ်သုံး ဂျစ်ကားအဖုံးပေါ် တင်မောင်းတဲ့ ဗီဒီယိုဟာ ထိတ်လန့်စရာကောင်းပြီး အဲဒီဖြစ်စဉ်အပေါ် တာဝန်ခံမှုရှိစေဖို့အတွက် စုံစမ်းစစ်ဆေးမှုတစ်ရပ် အမြန်လုပ်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။
အမေရိကန် နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူး မီလာက အဲဒီ ဗီဒီယိုဟာ ထိတ်လန့်စရာကောင်းပြီး အဲဒီလို လုပ်ရပ်မျိုးဟာ လုံး၀ လက်သင့်ခံနိုင်စရာမရှိကြောင်းနဲ့ လူသားတွေကို ဒိုင်းအကာအကွယ်အဖြစ် အသုံးမပြုသင့် ကြောင်း ဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့တာပါ။
အစ္စရေးစစ်တပ် IDF အနေနဲ့ ဖြစ်စဉ်ကို မြန်မြန်ဆန်ဆန် စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူတွေကို တာဝန်ခံစေရမှာဖြစ်ကြောင်းလည်း မီလာက ပြောသွားခဲ့ပါတယ်။
အစ္စရေးစစ်တပ်ဟာ စနေနေ့တုန်းက အနောက်ဘက်ကမ်းဒေသ ဂျဲနင်းမြို့မှာ လုပ်ခဲ့တဲ့ စီးနင်းမှုတစ်ခု အတွင်း ဒဏ်ရာရ ပါလက်စတိုင်း အမျိုးသားတစ်ယောက်ကို တပ်ဖွဲ့ဝင်တွေက စစ်ဂျစ်ကား ရှေ့ဖုံးပေါ်မှာ ကြိုးနဲ့ ချည်နှောင်ထားခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။
အောက်တိုဘာ(၇)ရက်နေ့ ဟားမာ့စ်ရဲ့ နယ်စပ် ဖြတ်ကျော် အကြမ်းဖက်မှု ဖြစ်ခဲ့ပြီးနောက်ပိုင်း အစ္စရေးနဲ့ ပါလက်စတိုင်းတို့အကြား ထိပ်တိုက်တွေ့မှုတွေနဲ့အတူ တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာနေခဲ့ပါတယ်။