ဝီကီလိခ်တည်ထောင်သူ ဂျူလီယန်အက်ဆန်းဟာ အမေရိကန်အစိုးရနဲ့ ခံဝန်ကတိဆိုင်ရာ သဘောတူညီချက် ရရှိပြီးတဲ့နောက် အကျဉ်းကျခံနေတဲ့ ဗြိတိန်နိုင်ငံကနေ တနင်္လာနေ့က ထွက်ခွာသွားပြီဖြစ်တယ်လို့ ဝီကိလိခ်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
သဘောတူညီချက်အောက်မှာ အက်ဆန်းဟာ သူ့အပေါ် အမေရိကန် အစိုးရက စွဲဆိုထားတဲ့ ရာဇဝတ်မှုတွေအတွက် အပြစ်ရှိကြောင်း ဝန်ခံရမှာပါ။
အဲဒီလို ဝန်ခံပြီးရင် ပြစ်ဒဏ်ကနေ လွတ်မြောက်ကာ ဩစတြေးလျနိုင်ငံကို ပြန်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ အက်ဆန်းဟာ ဆိုင်ပန်ကျွန်းမှာ ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် မနက်(၉)နာရီမှာ ပြုလုပ်သွားမဲ့ တရားခွင်ကို တက်ရောက်ရမှာဖြစ်ပြီး အဲဒီတရားခွင်က သူ့အပေါ် စီရင်ချက် ချမှတ်မှာဖြစ်ပါတယ်။
အဲဒီစီရင်ချက်မှာ နောက်ထပ် ပြစ်ဒဏ်ချမှတ်တာမျိုး မရှိဘဲ ဗြိတိန် အကျဉ်းထောင်မှာ ငါးနှစ်နီးပါး နေထိုင်ခဲ့ရတဲ့ ကာလကိုပဲ ပြစ်ဒဏ်ကျကာလအဖြစ် သတ်မှတ်စဉ်းစားပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီတရားခွင် ပြီးဆုံးတဲ့နောက်မှာ အက်ဆန်းဟာ ဩစတြေးလျနိုင်ငံကို ပြန်မှာဖြစ်တယ်လို့ ဝီကီလိခ်အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဝီကိလိခ်တည်ထောင်သူ ဂျူလီယန်အက်ဆန်းဟာ အမေရိကန် ထောက်လှမ်းရေးအဖွဲ့ဝင်ဟောင်း ချဲဆီးလ် မန်းနင်း ပေါက်ကြားစေခဲ့တဲ့ အမေရိကန်အစိုးရ လျှို့ဝှက် မှတ်တမ်း တွေကို အများအပြား ဖွင့်ချမှုနဲ့ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်မှာ တရားစွဲဆိုခံခဲ့ရတာပါ။
အခုလို အက်ဆန်း ပြန်လည်လွတ်မြောက်လာတာဟာ ကမ္ဘာတစ်ဝန်း အောက်ခြေမြေပြင်အဆင့်က တက်ကြွ လှုပ်ရှားသူတွေ ၊ စည်းရုံးလှုံ့ဆော်သူတွေ ၊ ဥပဒေပြုအမတ်တွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ပါဝင်ခဲ့ပြီး ကုလ သမဂ္ဂထိ ပေါက်ရောက်ခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုရဲ့ ရလဒ်ဖြစ်တယ်လို့ ဝီကိလိခ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။