အမေရိကန်နိုင်ငံက ဖရန်စစ်စကော့ကီးတံတားကို တိုက်မိပြီး တံတားပြိုကျစေခဲ့တဲ့ ကွန်တိန်နာသင်္ဘော ဒါလီဟာ ဇွန် ၂၄ ရက်မှာ ဘော်လ်တီမိုးဆိပ်ကမ်းကနေ တွန်းသင်္ဘောတွေအကူအညီနဲ့ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့သုံးလနီးပါးတုန်းက ဒါလီသင်္ဘောဟာ ဓာတ်အားပြတ်တောက်ပြီး ထိန်းချုပ်မှုလွတ်ကင်းကာ တံတားကို ဝင်တိုက်မိလို့ တံတားပြိုကျရာမှာ တံတားပြင်လုပ်သား ခြောက်ယောက် သေဆုံးခဲ့ပါတယ်။
အဲဒီမတော်တဆမှုကြောင့် ဘော်လ်တီမိုးဆိပ်ကမ်း ပိတ်သွားခဲ့ပြီး အမေရိကန်အရှေ့မြောက်ပိုင်းအတွက် အဓိက သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို တုန်လှုပ်သွားစေခဲ့ပါတယ်။
၉၄၈ ပေရှည်တဲ့ ဒါလီသင်္ဘောက ဖရန်စစ် စကော့ကီးတံတားကို ဝင်တိုက်မိခဲ့တဲ့ ဗီဒီယိုတွေနဲ့ ပုံတွေဟာ ကမ္ဘာတစ်ဝန်းမှာ ခေါင်းကြီးပိုင်း သတင်းတွေ ဖြစ်ခဲ့ပါတယ်။
ပြိုကျနေတဲ့ တံတားရဲ့ တစ်စိတ်တစ်ပိုင်းကို ကြီးမားတဲ့ ကွန်တိန်နာသင်္ဘောပေါ်ကနေ ဖယ်ရှား နိုင်စေဖို့ ထိန်းချုပ်ထားတဲ့ ဖောက်ခွဲမှုတွေ ပြုလုပ်ခဲ့ရပါတယ်။ တံတားကို ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ အကုန် အကျခံပြီး ၂၀၂၈ ခုနှစ်မှာ ပြန်လည်တည်ဆောက်မှာပါ။ တံတားပြိုကျမှုအတွက် သင်္ဘောကုမ္ပဏီဟာ နှစ်ရှည် အမှုရင်ဆိုင်ရဦးမယ်လို့ သိရပါတယ်။