ခရိုင်းမီးယားကို ယူကရိန်းက အမေရိကန်လုပ် တာဝေးပစ်ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ကရင်မလင်က ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် လီနီထရေစီကို နိုင်ငံခြားရေးဌာနကို ဆင့်ခေါ်ကန့်ကွက်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူးမီလာက ပြောဆိုခဲ့ပါတယ်။
အမေရိကန်ထောက်ပံ့ ပေးထားတဲ့ ATACMS(အတက်ကမ်ဇ်)ဒုံးကျည်တွေနဲ့ ခရိုင်းမီးယားကို ယူကရိန်းက တိုက်ခိုက်ခဲ့တဲ့အတွက် ဇွန် ၂၄ ရက်မှာ အမေရိကန်ကို ကရင်မလင်က တိုက်ရိုက် အပြစ်တင်ခဲ့ပါတယ်။
တိုက်ခိုက်မှုကြောင့် လူလေးယောက် ထက်မနည်း သေဆုံးခဲ့ပြီး ၁၅၁ ယောက် ဒဏ်ရာရရှိကာ လက်တုံ့ပြန်မှု ဖြစ်လာနိုင်တယ်လို့ မော်စကိုက အမေရိကန်သံအမတ်ကို တရားဝင် သတိပေးခဲ့ပါတယ်။
ဆီဗာစတိုပိုလ်အနီးက ကမ်းခြေတစ်ခုမှာလည်း ဇွန်လ ၂၃ ရက်က တာဝေးပစ်ဒုံးကျည်ကျရောက်မှုမှာ ကလေးငယ်နှစ်ယောက်ထက်မနည်း သေဆုံးခဲ့ပြီး လူတချို့ ဒဏ်ရာရရှိ ခဲ့တယ်လို့ ရုရှားအာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။
အဲဒီဒုံးကျည်တွေကို အမေရိကန်က ထောက်ပံ့ပေးခဲ့ပြီး အမေရိကန်စစ်ဘက်ကျွမ်းကျင်သူတွေက လက်နက်အပြင် ပစ်မှတ်ချိန်ရွယ်မှုနဲ့ အချက်အလက်တွေ ပံ့ပိုးပေးခဲ့တယ်လို့ ဆိုပါတယ်။
ယူကရိန်းစစ်ပွဲဟာ ၁၉၆၂ ခုနှစ် ကျူးဘားဒုံးကျည်အကျပ်အတည်းနောက်ပိုင်း ရုရှားနဲ့ အနောက်အုပ်စုအကြား အကြီးမားဆုံး ထိပ်တိုက်ရင်ဆိုင်မှုကို ဖြစ်ပေါ်စေခဲ့ပြီး ပဋိပက္ခဟာ ဒီနေ့ အန္တရာယ် အရှိဆုံးအဆင့်ကို ရောက်နေပြီလို့ ရုရှားတာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။