ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံအကြား ၂၀၁၉ ခုနှစ် နှောင်းပိုင်းကတည်းက ဖန်တနိုင်းလ်တားမြစ်ဆေး ပျံ့နှံ့မှုကို ကိုင်တွယ်ဖြေရှင်းရာမှာ ပထမဆုံး ပူးပေါင်းဆောင်ရွက်မှုလက္ခဏာအဖြစ် ဇန်နဝါရီ ၃၀ ရက်က အမေရိကန်နဲ့ တရုတ်တို့ဟာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပူးတွဲအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ဟာ ဖန်တနိုင်းလ် ထုတ်လုပ်မှုနဲ့ တင်ပို့ရောင်းချမှုကို တားဆီးဖို့သဘောတူညီခဲ့ကြတဲ့ နိုဝင်ဘာလက ဆန်ဖရန်စစ္စကို အဓိကထိပ်သီးဆွေးနွေးပွဲအပြီးမှာ အခုလို အရေးပါတဲ့ အောင်မြင်မှုတစ်ရပ်ရလာတာပါ။ ပေကျင်းမြို့မှာ အမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့ ပူးတွဲမိန့်ခွန်းပြော ကြားရာမှာ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး ဝန်ရှောင်ဟုန်(Wang Xiaohong)က သူတို့အဖွဲ့ဟာ နက်ရှိုင်းတဲ့ ဆက်သွယ်မှုရှိပြီး လုပ်ငန်းအစီအစဉ်အပေါ် ဘုံနားလည်မှုရခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
အမေရိကန်သမ္မတရဲ့ ဒုတိယလက်ထောက်နဲ့ ပြည်တွင်းလုံခြုံရေးအကြံပေး ဂျန်း ဒက်စ်ကာက သမ္မတဘိုင်ဒင်ဟာ အမေရိကန်ပြည်သူတွေအတွက် ဖန်တနိုင်းလ် ပြဿနာ အရေးပါမှုကိုဖော်ပြဖို့ အရေးကြီးကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဖန်တနိုင်းလ်ဟာ ဘိန်းဖြူထက် အဆ ၅၀ ပိုပြင်းထန်တဲ့ စွဲလမ်းစေတဲ့ အကိုက်အခဲပျောက်ဆေးတစ်မျိုး ဖြစ်ပါတယ်။ မက္ကဆီကိုမူးယစ်ဂိုဏ်းတွေက ဖန်တနိုင်းလ် အဖြစ် ပေါင်းစပ်ထုတ် လုပ်ထားတဲ့ ဓာတုဗေဒပစ္စည်းတွေရဲ့ အဓိကအရင်းအမြစ်ဟာ တရုတ်နိုင်ငံလို့ အမေရိကန်က ပြောဆိုခဲ့ပြီး ဒါကို တရုတ်က ငြင်းထားပါတယ်။