ဂါဇာကမ်းမြောင်ဒေသက ဟားမာ့စ်အဖွဲ့ကို အပြင်းအထန်တိုက်ခိုက်နေတဲ့ အဆင့်ဟာ ပြီးဆုံးသွားပြီလို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောဆိုလိုက်ပါတယ်။
ဒါပေမဲ့ ဒီပါလက်စတိုင်းနယ်မြေကို ဟားမာ့စ်က ဆက်ထိန်းချုပ်နေသမျှ စစ်ပွဲက ပြီးဆုံးမှာမဟုတ်ဘူးလို့ ဇွန် ၂၃ ရက်က ပြောဆိုခဲ့ပါတယ်။
ဂါဇာမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ပြီးဆုံးသွားတဲ့အတွက် အစ္စရေးဟာ အီရန်နောက်ခံပြု ဟစ်ဇ်ဘိုလာနဲ့ တိုက်ပွဲတွေ ပိုပြင်းထန်လာနေ တဲ့ လက်ဘနွန်နဲ့ မြောက်ပိုင်းနယ်စပ်တစ်လျှောက် တပ်ဖွဲ့ဝင်တွေ ပိုမိုချထားနိုင်တော့မယ်လို့လည်း နေတန်ယာဟုက ပြောပါတယ်။
ဂါဇာစစ်ပွဲရဲ့ ပြင်းထန်တဲ့အဆင့်ပြီးရင် တပ်ဖွဲ့တွေရဲ့ အစိတ်အပိုင်းတွေကို မြောက်ပိုင်းကို ရွှေ့ဖို့ ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။
အရင်ဆုံး မြောက်ပိုင်းကို ကာကွယ်ဖို့ဖြစ်ပြီး ဒုတိယအနေနဲ့ ရွှေ့ပြောင်း နေရတဲ့သူတွေကို နေရပ် ရင်း ပြန်ပို့ဖို့ ဖြစ်တယ်လို့ အစ္စရေး Channel 14 နဲ့ အင်တာဗျူးမှာ နေတန်ယာဟုက ပြောခဲ့တာပါ။ တတ်နိုင်ရင် သံတမန်နည်းအရ လုပ်မှာဖြစ်ပေမယ့် အဲဒီလို မဖြစ်ရင် တခြားနည်းနဲ့ဆောင်ရွက်ပြီး ဒေသခံတွေကို အိမ်ပြန် ပို့မယ်လို့ ဆိုပါတယ်။
အနောက်ဘက်ကမ်း အခြေစိုက် ပါလက်စတိုင်း အာဏာပိုင်တွေက ဟားမာ့စ်တွေအစား ဂါဇာကို အုပ်ချုပ်ဖို့ဆိုတဲ့ စိတ်ကူးကို ပယ်ချတယ်လို့လည်း နေတန်ယာဟုက ထပ်လောင်း ပြောဆိုခဲ့ပါတယ်။