ဂရိနိုင်ငံ၊ ဟိုက်ဒရာကျွန်းမှာ တောမီးလောင်ကျွမ်းစေခဲ့တယ်လို့ ယူဆရတဲ့ ရွက်လှေအမှုထမ်းနဲ့ ခရီးသည် ၁၃ ယောက်ဟာ ဇွန် ၂၃ ရက်က ပီရာအိအပ်စ်က အစိုးရရှေ့နေရုံးကို ရောက်ရှိခဲ့ပါတယ်။ ဟိုက်ဒရာကျွန်းမှာ တောမီး လောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာဟာ သူတို့ရွက်သင်္ဘောက ပစ်လွှတ်ခဲ့တဲ့ မီးရှူးမီးပန်းတွေကြောင့်လို့ စွပ်စွဲခံရပြီး သူတို့ဟာ ဇွန် ၂၂ ရက်မှာ ဂရိအာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာပါ။
ရွက်လှေအမည်နဲ့ လူတစ်ဦးချင်း အမည်တွေကို ဂရိအရာရှိတွေက ဖော်ထုတ်ပြောဆိုတာတော့ မရှိသေးပါဘူး။ ဇွန် ၂၁ ရက်က ရွက်လှေကနေ မီးရှူးမီးပန်းတွေ ပစ်လွှတ်လို့ လောင်တဲ့တောမီးကြောင့် သူတို့ကို အေသင်မြို့ လှေဆိပ်မှာ ဖမ်းဆီးတာလို့ ဂရိရဲအရာရှိတစ်ယောက်က ပြောပါတယ်။ စနေနေ့ အစောပိုင်းမှာ ထိန်းချုပ်နိုင်ခဲ့တဲ့ တောမီးဟာ ဘစ္စတီရဲ့ ဝေးလံတဲ့ဧရိယာက ကျွန်းရဲ့ တစ်ခုတည်းသော ထင်းရှူးတော တစ်စိတ်တစ်ပိုင်းကို လောင်ကျွမ်းသွားခဲ့ပါတယ်။
အဲဒီ ထင်းရှူးတောရှိတဲ့ အေသင်မြို့ အနောက်တောင်ဘက်၊ ဆာရွန်နစ် ပင်လယ်ကွေ့က ဟိုက်ဒရာကျွန်းဟာ နိုင်ငံခြားဧည့်သည်တွေနဲ့ ရွက်လှေစီးသူတွေအကြား ရေပန်းစားတယ်လို့ သိရပါတယ်။