အခုနှစ် ဟာ့ဂ်ျ ဝတ်ပြုခရီးစဉ်အတွင်း သေဆုံးသူ စုစုပေါင်း ၁၃၀၁ ဦယောက်ရှိတယ်လို့ ဆော်ဒီအာရေးဘီးယား ကျန်းမာရေးဝန်ကြီး ဖာဟက်အဲလ် ဂျာလာဂျီလ်က ဇွန် ၂၃ ရက်မှာ ပြောပါတယ်။
လုံလောက်တဲ့ အမိုးအကာ ဒါမှမဟုတ် သက်တောင့်သက်သာမရှိတဲ့ နေရောင်ခြည်တိုက်ရိုက်ကျတဲ့အောက်မှာ အဝေးကြီး လမ်းလျှောက်ရတဲ့ အတွက် ဝတ်ပြုသူတွေ သေဆုံးရတာလို့ ဝန်ကြီးရဲ့ပြောဆိုချက်ကို ကိုးကားပြီး အစိုးရရုပ်မြင်သံကြားက ထုတ်ပြန် ပါတယ်။ သေဆုံးသူအများစုဟာ ခွင့်ပြုချက်မရှိဘဲ လာရောက်တဲ့ ရပ်ဝေးက ဝတ်ပြုသူတွေဖြစ်ပြီး သက်ကြီး ရွယ်အိုတွေနဲ့ ဝေဒနာခံစားရသူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
အခုနှစ် ဟာ့ဂျ်ဝတ်ပြုချိန်မှာ အပူလှိုင်း ဖြတ်သန်းနေပြီး အပူချိန် စင်တီဂရိတ် ၅၀ အထက် ကျော်လွန်ခဲ့ပါတယ်။ ခွင့်ပြုချက်မရှိဘဲ လာရောက်သူ ၁၄၀,၀၀၀ ကျော် အပါအဝင် ဟာ့ဂျ်ဝတ်ပြုသူ ဦးရေ တစ်သန်းခွဲနီးပါးကို ကျန်းမာရေးဌာနတွေက ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး တချို့ဟာ အပူလွန်ကဲမှုကြောင့် ဆေးရုံတက်နေရဆဲဖြစ်တယ်လို့ အဲလ် ဂျာလာဂျီလ်က ပြောပါတယ်။