ဂရိနိုင်ငံ အေသင်မြို့တောင်ဘက် ကီလိုမီတာ ၃၀ အကွာက ကိုရိုပီမြို့မှာ ဇွန်လ ၁၉ ရက်က မီးလောင်မှု ဖြစ်ပွား ခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေရာအတော်များများကို ကူးစက်ခဲ့လို့ ဒေသခံတွေဟာ နေအိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။
ဂရိမီးသတ်သမားတွေဟာ ရဟတ်ယာဉ်တွေပါသုံးပြီး မီးငြှိမ်းသတ်ခဲ့ရပါတယ်။ ကိုရိုပီကို အေသင်မြို့ ဆင်ခြေဖုံးနဲ့ ဆက်သွယ်ထားတဲ့ အဓိက အဝေးပြေးလမ်းမကြီး တစ်လျှောက် ယာဉ်အသွားအလာတွေ ရပ်ဆိုင်းထားရပါတယ်။
အနီးအနားက ရွာနှစ်ရွာကို အာဏာပိုင်တွေက ရွှေ့ပြောင်းပေးခဲ့ရပြီး လူသေဆုံးဒဏ်ရာရတဲ့ သတင်းတွေတော့ မရသေးပါဘူး။ မီးညွန့်ကျိုးသွားပေမယ့် ဧရိယာအတွင်း လေပြင်းတွေ တိုက်ခတ်မှုကြောင့် နေရာအချို့ကို ထပ်မံ လောင်ကျွမ်းခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့က နိုင်ငံတွင်းမှာ အနည်းဆုံး မီးလောင်မှု ခြောက်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က တောမီးလောင်ကျွမ်းမှုကြောင့် ရိုဒီစ်ကျွန်းကနေ လူပေါင်း ၁၉,၀၀၀ လောက် ထွက်ပြေးခဲ့ရသလို ပြည်မမြောက်ပိုင်းမှာလည်း လူ ၂၀ သေဆုံးခဲ့ရပါတယ်။
အခုနှစ်မှာတော့ ဂရိနိုင်ငံဟာ မီးသတ်ဝန်ထမ်းအင်အား တိုးမြှင့်ခန့်ထားပြီး လေ့ကျင့်ပြင်ဆင်မှုတွေ တိုးမြှင့်လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။