စီအီးအို အီလွန်မတ်စ်ကို Tesla ကုမ္ပဏီက စံချိန်တင် လုပ်ခငွေကြေးအဖြစ် ဒီနေ့ပေါက်ဈေးအရ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၆ ဘီလီယံနီးပါး ရှိမယ့် ၂၀၁၈ ခုနှစ်က လုပ်ခပေးချေရေး သဘောတူညီချက်ဟာ ရှယ်ယာရှင်တွေအတွက် တရားမျှတမှုမရှိတဲ့ လျော်ကြေးဖြစ်တယ်လို့ အမေရိကန်ပြည်နယ်တရားရုံးတစ်ရုံးက စီရင်ဆုံးဖြတ်လိုက်ပါတယ်။
ဇန်နဝါရီ ၃၀ ရက်က အဲဒီဆုံးဖြတ်ချက်ကို ဒဲလာဝဲပြည်နယ် တရားရုံး တရားသူကြီး ကက်သလင်း မက်ကိုမစ်က ချမှတ်ခဲ့တာဖြစ်ပြီး အဲဒီလုပ်ခငွေကြေးပမာဏ ပေးချေရေး သဘောတူညီမှုဟာ နားလည်ရခက်အောင် ရှုပ်ထွေး လွန်းတယ်လို့ တရားရုံးဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။
အယူခံဝင်လို့ရနိုင်တဲ့ အဲဒီတရားရုံးစီရင်ချက်ဟာ အမေရိကန်ကော်ပိုရိတ်လောကရဲ့ အကြီးမားဆုံး လစာပေးချေမှု အစီအစဉ်ကို ဖယ်ရှားနိုင်ပါတယ်။
သတင်းမီဒီယာတွေမှာ ခေါင်းကြီးပိုင်းသတင်းတွေ ဖန်တီးတတ်တဲ့ စီအီးအို အီလွန်မတ်စ်ကို ကျေးဇူးဆပ်လိုပုံရပြီး ကုမ္ပဏီရဲ့ ကြီးမားတဲ့ တိုးတက်မှုကို မျှဝေဖို့ ကတိပေးထားတဲ့ ဒါရိုက်တာ အဖွဲ့ဝင်တွေက ဒီလိုလုပ်ခတွေပေးဖို့ ညှိနှိုင်းခဲ့တာကို တွေ့ရှိခဲ့တယ်လို့ တရားသူကြီးက သုံးသပ်မှတ်ချက်ချခဲ့ ပါတယ်။
ကိစ္စတစ်ခုကို အလုံးစုံ ဆန့်ကျင်ပြောဆိုပြီး ပြောင်းပြန်လှန်ပစ်တတ်မှုကြောင့် ဒါမှမဟုတ် အီလွန်မတ်စ်ရဲ့ ထင်ရှား လူသိများမှုတို့ကြောင့် အဲဒီ စုစုပေါင်း ဒေါ်လာ ၅၅ ဒဿမ ၈ ဘီလီယံ ရှိလာနိုင်တဲ့ သဘောတူညီချက်အပေါ် ဘုတ်အဖွဲ့က ဘယ်တော့မှ မေးခွန်းထုတ်တာမျိုးမရှိခဲ့ကြောင်း၊ အီလွန်မတ်စ်ကို ကုမ္ပဏီမှာ ဆက်ထားနိုင်ဖို့နဲ့ ကုမ္ပဏီရဲ့ ရည်မှန်းချက်တွေအောင်မြင်ဖို့ Tesla အတွက် ဒီလိုအစီအစဉ် လိုအပ်ပါသလားလို့ ဒဲလာဝဲတရားသူကြီး ကက်သလင်း မက်ကိုမစ်က တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် မေးခွန်းထုတ်ခဲ့ပါတယ်။ လက်ရှိမှာ ဒီသတင်းကြောင့် Tesla ရဲ့ ရှယ်ယာတွေ ၃ ဒဿမ ၇ ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့ပါတယ်။