မလေးရှားရဲ့ ဒေါ်လာ ၁၀ ဘီလီယံတန် အရှေ့ကမ်းရိုးတန်းရထားလမ်းစီမံကိန်းကို လာအိုနဲ့ ထိုင်းနိုင်ငံက တခြား တရုတ်ကျောထောက်နောက်ခံပြု မီးရထားလမ်း စီမံကိန်းတွေနဲ့ ချိတ်ဆက်ဖို့ စီမံကိန်းတစ်ရပ်ကို လေ့လာလို ကြောင်း တရုတ်ဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။
ဇွန်လ ၁၉ ရက်က ပြုလုပ်တဲ့ မလေးရှားနိုင်ငံရဲ့ အရှေ့ ဘက်နဲ့ အနောက်ဘက်ကမ်းရိုးတန်းတွေကို ဆက်သွယ်ပေးမယ့် အရှည် ၆၆၅ ကီလိုမီတာ မီးရထားလမ်း တည်ဆောက်ရေးနေရာ မြေပန္နက်ချ အခမ်းအနားမှာ တရုတ်ဝန်ကြီးချုပ် လီချန်က ပြောဆိုခဲ့တာပါ။
ဒါဟာ အရှေ့တောင်အာရှတစ်ခွင် တရုတ်ရဲ့ ရည်မှန်းချက်ကြီးမားတဲ့ ရပ်ဝန်းနဲ့လမ်းမ ပဏာမစီမံကိန်းတွေကို ချဲ့ထွင်ဖို့ အလားအလာရှိကြောင်း ပြသလိုက်တာလို့ ရိုက်တာကဖော်ပြခဲ့ပါတယ်။
မလေးရှားကို သုံးရက်ကြာ အလည် အပတ် ရောက်ရှိနေတဲ့ တရုတ်ဝန်ကြီးချုပ် လီချန်က အဆိုပြုချက်ဟာ တရုတ်နိုင်ငံ ကူမင်းကနေ စင်ကာပူအထိ ပြေးဆွဲတဲ့ ပန်အာရှ မီးရထားလမ်းရဲ့ ဗဟိုလမ်းဖြစ်မယ်လို့ ပြောပါတယ်။ တရုတ်နိုင်ငံက ကျောထောက်နောက်ခံ ပြုထားတဲ့ စီမံကိန်းကို ထိုင်းနယ်နိမိတ်အထိ တိုးချဲ့ဖို့ စဉ်းစားမယ်လို့ မလေးရှားအစိုးရက မတ်လမှာ ပြောဆိုခဲ့ပါတယ်။