ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ချိန်မှာ မြောက်ကိုရီးယားနှဲ့ ရုရှားအကြား ဆက်ဆံရေးဟာ သစ်လွင်ပြီး မြင့်မားတဲ့ မဟာမိတ်အဆင့်ကို တိုးလာတယ် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက ဇွန် ၁၉ ရက်မှာ ပြောပါတယ်။
ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ တစ်နိုင်ငံ တိုက်ခိုက် ခံရရင် အပြန်အလှန်ကူညီဖို့ ကာကွယ်ရေး ကတိကဝတ်တွေပါရှိတဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်း စေမယ့် သဘောတူညီချက်ကို ကင်နဲ့ပူတင် လက်မှတ်ရေးထိုးခဲ့တာပါ။
ပြုံယမ်းမြို့တော်မှာ သမ္မတပူတင်နဲ့ တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ကင်ဂျုံအန်းက ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ပြောပါတယ်။ အဲဒီသဘောတူညီချက်မှာ ကာကွယ်ရေးလိုအပ်ချက်တွေ ပါဝင်တယ်လို့ သမ္မတပူတင်က ဆိုပါတယ်။
ရုရှား-မြောက်ကိုရီးယား ဆက်ဆံရေးကို ဆယ်စုနှစ်များစွာ ပြန်လည် ပုံဖော်နိုင်ဖွယ်ရှိတဲ့ ပူတင်ရဲ့ ခရီးစဉ်ကို ဆိုးလ်နဲ့ ဝါရှင်တန်တို့က အနီးကပ် စောင့်ကြည့်နေပြီး သူတို့ရဲ့ စစ်ရေး ဆက်ဆံမှု ကြီးထွားလာမှာကို စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။
မြောက်ကိုရီးယားကို နှစ်ပေါင်းများစွာအတွင်း ထူးထူးခြားခြားလာရောက်ခဲ့တဲ့ သမ္မတပူတင်ဟာ ဇွန်လ ၂၀ ရက် စောစောပိုင်းက ဗီယက်နမ်ကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။