အီတလီမှာ ကျင်းပတဲ့ G7 ထိပ်သီးအစည်းအဝေးအပြီး ဇွန်လ ၁၅ ရက်မှာ ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါက ယူကရိန်းနိုင်ငံကို ထောက်ခံကြောင်း ထပ်မံအတည်ပြုပြောဆိုလိုက်ပါတယ်။
ဒီရပ်တည်ချက်ကို အခြေခံပြီး နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုတွေအပြင် ယူကရိန်းအတွက် ပံ့ပိုးမှုတွေကို ဆက်လက် ပြင်းပြင်းထန်ထန် တွန်းအားပေးသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒီနေ့ ယူကရိန်းအခြေအနေဟာ မနက်ဖြန် အရှေ့အာရှမှာလည်း ဖြစ်နိုင်တယ်လို့ ကီရှီဒါက သတိပေးလိုက်ပြီး ရုရှားစစ်တပ်ကို ထောက်ပံ့ပေးနေတယ်လို့ ယူဆရတဲ့ တရုတ်လို တတိယအုပ်စုတွေအပေါ် ပိတ်ဆို့အရေးယူမှုတွေ ထပ်မံလုပ်ဆောင်ဖို့ ဂျပန်က စဉ်းစားနေတယ်လို့ဆိုပါတယ်။
ထိပ်သီးအစည်းအဝေးအပြီးမှာ ထုတ်ပြန်ခဲ့တဲ့ G7 ခေါင်းဆောင်တွေရဲ့ ကြေညာချက်မူကြမ်းမှာ ယူကရိန်းကို တိုက်ခိုက်ဖို့အတွက် ရုရှားကို လက်နက်တွေရရှိအောင်ကူညီပေးတဲ့ တရုတ်ဘဏ္ဍာရေးအဖွဲ့အစည်းတွေကို အရေးယူဖို့ ကတိပြုချက် ပါဝင်ပါတယ်။
အီတလီမှာ သတင်းထောက်တွေနဲ့ စကားပြောဆိုပြီးနောက် ကီရှီဒါဟာ ဆွစ်ဇာလန်ကိုသွားမယ့် လေယာဉ်ပေါ် တက်ခဲ့ပါတယ်။
ဆွစ်ဇာလန်မှာ ကျင်းပမယ့် ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးလမ်းကြောင်းကို ရေးဆွဲဖို့ ရည်ရွယ်တဲ့ ထိပ်သီးအစည်းအဝေးကို ကီရှီဒါလည်း တက်ရောက်မယ်လို့ သိရပါတယ်။