အမေရိကန်နိုင်ငံ၊ မစ်ရှီဂန်က ရေပန်းဥယျာဉ်တစ်ခုမှာ ဇွန် ၁၅ ရက်က သေနတ်ပစ်ခတ်မှုတစ်ခုအတွင်း ကလေးနှစ်ဦး အပါအဝင် အနည်းဆုံး လူကိုးဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
သေနတ်သမားဟာ ရမ်းသမ်းပစ်ခတ်ခဲ့ပုံရပြီးပြစ်မှုကျူးလွန်ပြီးနောက် အနီးအနားက အိမ်တစ်အိမ်ထဲမှာ မိမိကိုယ်ကို သတ်သေခဲ့တယ်လို့ အုတ်ကလန်ရဲဌာနက ပြောပါတယ်။
ဒက်ထရွိုက်မြောက်ဘက် မိုင် ၃၀ အကွာ ရိုချက်စတာဟီးလ်မှာ ပစ်ခတ်မှုဖြပ်ပွားခဲ့တာ ဖြစ်ပြီး သံသယရှိသူဟာ ဒေသခံ မဟုတ်ဘူးလို့ဆိုပါတယ်။
အနီးအနားက အုတ်ကလန်အသိုက်အဝန်းမှာ ၂၀၂၁ ခုနှစ်က ကျောင်းသားလေးဦး သေဆုံးပြီး ကျောင်းသား ခြောက်ဦးနဲ့ ဆရာတစ်ဦး ဒဏ်ရာရခဲ့တဲ့ ကျောင်းတွင်းပစ်ခတ်မှု ဖြစ်ခဲ့ဖူးပါတယ်၊ ပစ်ခတ်သူဟာ ကျောင်းသားလေး တစ်ယောက် ဖြစ်ပါတယ်။
ပစ်ခတ်သူဟာ ကားတစ်စင်းထဲက ထွက်လာပြီး ရေပန်းအနားမှာ မြင်မြင်ရာ ပစ်ခတ်ခဲ့တာလို့ ရဲတွေက ပြောပါတယ်။ အခင်းဖြစ်နေရာမှာ ဂလော့ပစ္စတိုတစ်လက်နဲ့ ကျည်ကပ်အလွတ်တွေ သိမ်းဆည်းမိခဲ့ပါတယ်။
အမေရိကန်မှာ သေနတ်ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး ပစ်ခတ်မှုတွေကြောင့် နှစ်စဉ် အမေရိကန်နိုင်ငံသား ထောင်ပေါင်းများစွာ သေဆုံးနေပါတယ်။ နိုင်ငံရဲ့ သေနတ်ဥပဒေဆိုင်ရာ ကျယ်ပြန့်တဲ့ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေဟာ ဆယ်စုနှစ်များစွာကြာအောင် ရပ်တန့်နေခဲ့ပါတယ်။