ကူဝိတ်က အလုပ်သမားအိမ်ရာ မီးလောင်မှုအတွင်း သေဆုံးခဲ့တဲ့ အိန္ဒိယ နိုင်ငံသား ၄၅ ယောက်ရဲ့ အလောင်းတွေ ကို ဇွန် ၁၄ ရက်က အိန္ဒိယနိုင်ငံကို ပို့ဆောင်ပေးခဲ့ပါတယ်။ ပြည်ပမှာ အလုပ်လုပ်ကိုင်ရင်း အိမ်ကိုငွေပြန်လွှဲနေသူ တွေရဲ့ အသက်တွေကာကွယ်ရေးကို ပိုမိုလုပ်ဆောင်ဖို့ ကျွမ်းကျင်သူ တွေက အိန္ဒိယအစိုးရကို တိုက်တွန်းခဲ့ပါ တယ်။
ကူဝိတ်စီးတီးရဲ့ တောင်ဘက်ကမ်းရိုးတန်းမြို့ မန်ဂက်ဖ်က အိမ်ရာ အဆောက်အအုံမှာ ဇွန်လ ၁၂ ရက်က မီးလောင်ခဲ့ပြီး လျှပ်စစ်ဝါယာရှော့ကြောင့် ဖြစ်ဖွယ်ရှိတယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့ ၄၉ ယောက်ထဲမှာ အိန္ဒိယ အလုပ်သမား ၄၅ ယောက် ပါဝင်ခဲ့တာပါ။ ဒဏ်ရာရသွားတဲ့ နောက်ထပ် ၃၃ ယောက်ကိုလည်း ဆေးရုံတွေ မှာ ကုသပေးနေရပါတယ်။
ဇွန် ၁၄ ရက်က ကျန်ရစ်သူမိသားစုတွေဟာ သူတို့ချစ်ခင်ရသူတွေရဲ့ ရုပ်အလောင်းတွေ လက်ခံဖို့ လေဆိပ်မှာ စောင့်ဆိုင်းခဲ့ကြပြီး ရောက်ရှိလာချိန်မှာ ရုပ်အလောင်းတွေကို လေဆိပ် ကုန်တင်ကုန်ချ နေရာကနေ သီးခြားစားပွဲတွေပေါ်မှာ ကွယ်လွန်သူရဲ့ဓာတ်ပုံနဲ့အတူ ထားရှိခဲ့ကြပါတယ်။
သေဆုံးသူ ၄၅ ယောက် အနက် ၂၃ ယောက်ဟာ အိန္ဒိယတောင်ပိုင်း ကီရာလာပြည်နယ်ကဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ပီနာရာယီ ဗီဂျရန်က ဒီမတော်တဆမှုဟာ အကြီးမားဆုံး ကြေကွဲစရာဖြစ်ရပ်လို့ ပြောဆိုခဲ့ပါတယ်။