ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ထိုင်း-တရုတ် ရာဇဝတ်ဂိုဏ်းနဲ့ဆက်စပ်တဲ့ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ ကို ဖမ်းဆီးဖြိုခွင်း နိုင်ခဲ့ရာ ဖမ်းဆီးရမိသူတွေထဲမှာ မြန်မာနိုင်ငံသား(၈)ယောက် ပါဝင်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြ ထားချက်အရ သိပါတယ်။ ချင်းမိုင်ပြည်နယ်က နေရာအများအပြားကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းမှုတွေ ပြုလုပ်လုပ်ခဲ့တာလို့ ဆိုပါတယ်။
မွန်း၊ ဆန်ဆိုင်းနဲ့ ဆန်ကမ်ဖန် ခရိုင်တွေထဲက နေအိမ်(၁၁)ခုကို အင်္ဂါနေ့က စီးနင်းခဲ့ရာမှာ SIM ဘူး ၆၄၂ ၊ ဆင်း ကတ် (၆)သိန်းနီးပါး ၊ ကွန်ပျူတာ(၇၂)လုံး ၊ မိုဘိုင်းလ်ဖုန်း(၁၄၀၀)ကျော်နဲ့ ဆင်းကတ်ရီဒါ (၄၇)ကတ်တို့ကို သိမ်းဆည်း ရမိခဲ့တယ်လို့ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို(CIB)က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒါဟာ ငွေလိမ်လည်ရေး ဖုန်းခေါ်ဆိုမှု စတင်တာတွေကို စီးနင်းမိသမျှ ထဲမှာ အကြီးမားဆုံးဖြစ်တယ်လို့လည်း ပြောပါတယ်။
စီးနင်းမှုအတွင်း ဂိုဏ်းဝင်(၁၅)ယောက်ကို ဖမ်းမိပြီး အဲဒီထဲမှာ ထိုင်းနိုင်ငံသား(၂)ယောက် ၊ တရုတ်လူမျိုး(၅) ယောက်နဲ့ မြန်မာ(၈)ယောက် ပါဝင်တယ်လို့ ပြောပါတယ်။ ဖမ်းဆီးရမိတဲ့အထဲက အသက်(၃၀)အရွယ် ထိုင်း အမျိုးသမီး ဂျီရာပန်ပရာကိုကစ် လည်းပါဝင်ပြီး သူ့ခင်ပွန်းဟာ ဂိုဏ်းဦးဆောင်သူဖြစ်တယ်လို့ ယူဆရကာ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ပါတယ်။
အဲဒီအမျိုးသမီးဟာ ငွေလိမ်လည်မှုတွေလုပ်ဖို့အတွက် အိမ်တွေကို ငှားရမ်းခဲ့ပြီး ဆင်းကတ်အတုတွေနဲ့ ဖေ့စ်ဘုတ် အကောင့်အတုတွေဖွင့်ကာ အဲဒီအကောင့်တုတွေကိုပဲ တခြားငွေလိမ်ဂိုဏ်းတွေနဲ့ အွန်လိုင်းရာဇဝတ် ဂိုဏ်းတွေကို ရောင်းချတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဆိုရှယ်မီဒီယာတွေရဲ့ လုံခြုံရေးစိစစ်မှုစနစ် အယ်ဂိုရစ်သမ်ကို ကျော်လွှားဖို့အတွက် ဖုန်းနဲ့တွဲသုံးရတဲ့ ကိရိယာ တစ်မျိုးကိုလည်း ပိုင်ဆိုင်အသုံးပြုကြတယ်လို့ ပြောပါတယ်။ မစ္စဂျီရာပန်းက သူ့ရဲ့တရုတ်လူမျိုးခင်ပွန်းက အဲဒီစက်တွေကို ဝယ်ယူခဲ့ပြီး အခုဖမ်းမိထားသူတွေကို ငှားရမ်း စေခိုင်းခဲ့တယ်လို့ ထွက်ဆိုထားကြောင်း ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောပါတယ်။