ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ ကြီးမားတဲ့ ထိုးစစ်ကြီးတစ်ခုကို ဆီးရီးယားသူပုန်တွေက လျှပ်တစ်ပြက် ပြုလုပ်ခဲ့ပြီး အစိုးရတပ်တွေလက်ထဲက နယ်မြေတချို့ကို ပြန်သိမ်းလိုက်ပါတယ်။ ဒါဟာ ဆီးရီးယားသမ္မတ ဘာရှာ အယ်လ်အာဆတ် တပ်တွေရဲ့ ထိန်းချုပ်မှုအောက်ကနေ နယ်မြေတွေကို နှစ်များစွာအတွင်း ပထမအကြိမ် ပြန်လည် သိမ်းယူရရှိတာဖြစ်ပါတယ်။
အစ္စလာမ်မစ် စစ်သွေးကြွအုပ်စု ဟာယတ် တာရီ အယ်လ်ရှမ်အဖွဲ့နဲ့ မဟာမိတ်အင်အားစုတွေက အလက်ပိုနဲ့ အီဒလစ် ဒေသက မြို့တွေနဲ့ရွာတွေ အတော်များများကို ပြန်သိမ်းယူရရှိထားတယ်လို့ ပြောပါတယ်။ ဆီးရီးယား စစ်တပ်က တပ်ဖွဲ့ဝင်တွေဟာ အကြမ်းဖက်အဖွဲ့တွေရဲ့ အကြီးစား တိုက်ခိုက်မှုတစ်ရပ်နဲ့ ရင်ဆိုင်နေရပြီး တိုက်ခိုက် မှုအတွင်း အကြမ်းဖက်သမားဘက်က ထိခိုက်သေဆုံးမှုများတယ်လို့ ပြောပါတယ်။
တိုက်ပွဲတွေအတွင်း နှစ်ဖက်စလုံးက တိုက်ခိုက်ရေးသမား(၁၈၀) သေဆုံးပြီး ဆီးရီးယားနဲ့ ရုရှားတို့ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး အရပ်သား (၁၉)ယောက် သေဆုံးခဲ့တယ်လို့ ယူကေ အခြေစိုက် ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့က ပြောပါတယ်။