အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာအဖွဲ့တို့ကြား အပစ်ရပ်ပြီး နောက်တစ်နေ့ ကြာသပတေးနေ့မှာ အဲဒီအပစ်ရပ်သဘောတူ ညီချက်ကို ချိုးဖောက်တယ်ဆိုပြီး တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်စွပ်စွဲနေကြပါတယ်။ အဲဒီလို စွပ်စွဲနေချိန်မှာပဲ အစ္စရေးစစ်တပ်က ဟစ်ဇ်ဘိုလာ အဖွဲ့သုံးတဲ့ ရော့ကက်တွေ သိုလှောင်ရာ လက်ဘနွန်တောင်ပိုင်းက နေရာတစ်ခု ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် လက်ဘနွန်တောင်ပိုင်း နေရာအတော်တော်များများကို ရောက်ရှိလာတဲ့ သံသယဖြစ်ဖွယ်ရာ ယာဉ်တွေကို လည်းပစ်ခတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ အဲဒီလို လက်ဘနွန်တောင်ပိုင်းနေရာတွေကို သံသယ ဖြစ်ဖွယ်ယာဉ်တွေ ရောက်ရှိလာမှုဟာ အခုရယူထားတဲ့ အပစ်ရပ်သဘောတူညီမှုကို ချိုးဖောက်တာလို့ အစ္စရေးက ပြောပြီး ပစ်ခတ်မှုတွေ လုပ်ခဲ့တာပါ။
ဟစ်ဇ်ဘိုလာ ဥပဒေပြုအမတ်တစ်ယောက်ကလည်း အစ္စရေးဟာ အပစ်ရပ်စဲမှုကို ချိုးဖောက်တယ်လို့ ပြန်လှန် စွပ်စွဲထားပါတယ်။ အစ္စရေးစစ်တပ်ဟာ နယ်စပ်က ဇာတိရွာတွေကို ပြန်လာတဲ့ လက်ဘနွန်တွေကို ပစ်ခတ် တိုက်ခိုက်နေတယ်လို့ စွပ်စွဲထားတာပါ။ လက်ဘနွန်စစ်တပ်ကလည်း အစ္စရေးဟာ ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့ တွေမှာ အပစ်ရပ်စဲမှုကို အကြိမ်တော်တော်များများ ချိုးဖောက်ခဲ့တယ်လို့ ပြောလာပါတယ်။
အဲဒီလို အပြန်အလှန်စွပ်စွဲမှုတွေက အခုရရှိထားတဲ့ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာအကြား အပစ်ရပ်စဲရေး သဘောတူညီ ချက် ကျိုးပေါက်လွယ်တာကို ဖော်ပြနေပါတယ်။ အဲဒီအပစ်ရပ်စဲမှုကို အမေရိကန်နဲ့ ပြင်သစ်တို့ရဲ့ ကြားဝင်စေ့စပ် မှုနဲ့ ရရှိထားတာဖြစ်ပါတယ်။