အမေရိကန်အစိုးရရဲ့ ဖြုန်းတီးတဲ့အသုံးစရိတ်ကို လျှော့ချဖို့ လုပ်ဆောင်မယ့် ဘီလီယံနာ အီလွန်မတ်စ်ရဲ့ အွန်လိုင်း မှာ ရေးသားမှုတွေကြောင့် အစိုးရဝန်ထမ်းတွေ စိတ်အနှောင့်အယှက် ဖြစ်ရပြီး အငြင်းပွားစရာတွေလည်း ဖြစ်ပေါ် နေပါတယ်။
အီလွန်မတ်စ်က သူ့ရဲ့ကိုယ်ပိုင်လူမှုကွန်ရက်ဖြစ်တဲ့ Twitter တစ်ဖြစ်လဲ X ပလက်ဖောင်းပေါ်မှာ အစိုးရဝန်ထမ်း တချို့ကို အတုအယောင် အလုပ်လုပ်နေတယ်လို့ စွပ်စွဲရေးသားဖော်ပြမှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ ရာသီဥတုနဲ့ ဆိုင်တဲ့ အစိုးရဝန်ထမ်းတစ်ယောက်ရဲ့ ရာထူးနဲ့ အမည်အပြည့်အစုံကို Screenshot ရိုက် ဖော်ပြတာနဲ့ အတူ ဒီရာထူးနေရာအတွက် အမေရိကန်အခွန်ထမ်းတွေက ကျခံပေးချေသင့်တယ် မထင်ပါလို့ မတ်စ်က ရေးသား ခဲ့တာပါ။
ဒီအတွက် ဒီရာထူးဟာ အမေရိကန်နိုင်ငံရဲ့ ရာသီဥတုဆိုင်ရာ နည်းပညာအခန်းကဏ္ဍအတွက် လိုအပ်ချက်ဖြစ်ပြီး သက်ဆိုင်ရာ ဘွဲ့ဒီဂရီရရှိထားသူက ဆောင်ရွက်နေတာသာ ဖြစ်တယ်လို့ Wall Street Journal ဂျာနယ်က ပြန်လည်ရေးသားမှုမျိုး ရှိလာပါတယ်။ မတ်စ်ရဲ့ နည်းပရိယာယ်တွေက ဖက်ဒရယ်ဝန်ထမ်းတွေကို ကြောက်ရွံ့ ထိတ်လန့်မှုတွေဖြစ်အောင် ရည်ရွယ်တာလို့ ဝန်ထမ်း ၂ ဒသမ ၃ သန်းထဲက ၈ သိန်းအထိကို ကိုယ်စားပြုတဲ့ အမေရိကန်အစိုးရဝန်ထမ်းများ ဖက်ဒရေးရှင်းဥက္ကဋ္ဌက ပြောပါတယ်။
အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံထားရတဲ့ ဒေါ်နယ်ထရမ့်ဟာ ဇန်နဝါရီ ၂၀ ရက်မှာ အိမ်ဖြူတော်ကို ပြန်လည်ဝင်ရောက်ဖို့ ပြင်ဆင်နေပြီး သူ့ရဲ့ မဲဆွယ်ကတိကဝတ်တွေထဲမှာ ဖြုန်းတီးရာကျတဲ့ အစိုးရအသုံးစရိတ်ကို လျှော့ချဖို့ ပါဝင်ပါတယ်။ အစိုးရအသုံးစရိတ်လျှော့ချရေးအတွက် အကြံပြုဖို့ အစိုးရထိရောက်ရေးကော်မရှင် တစ်ရပ် ဖွဲ့စည်းသွားမှာဖြစ်ပြီး ကော်မရှင်ကို လက်ရှိကမ္ဘာ့အချမ်းသာဆုံးဖြစ်နေတဲ့ ဘီလီယံနာ အီလွန်မတ်စ်နဲ့ အတူ လုပ်ငန်းရှင် ဗီဗက်ရာမာဆွာမီက ဦးဆောင်သွားဖို့ ရွေးချယ်ထားပါတယ်။