တရုတ်နိုင်ငံမှာ နှစ်အတန်ကြာ ထိန်းသိမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသားသုံးယောက် ပြန်လည်လွတ်မြောက် လာတော့မယ်လို့ သိရပါတယ်။ အကဲဆတ်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် သဘောတူညီမှု ရရှိပြီးနောက် သေဒဏ်ချမှတ်ခံထားရသူ တစ်ယောက် အပါအဝင် အမေရိကန်သုံးယောက်ဟာ နိုင်ငံကို ပြန်လည် ရောက်ရှိတော့မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
အမေရိကန်မှာ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသား တချို့နဲ့ လဲလှယ်ဖို့ နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့မှုတွေဟာ အောင်မြင်သွားပြီလို့ အမေရိကန်အရာရှိတွေကို ကိုးကားပြီး နိုင်ငံတကာသတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ မာ့ခ်ဆွီဒန်၊ ကိုင်လီနဲ့ ဂျွန်ယောင်းတို့ကို တရုတ်နိုင်ငံအတွင်း ထိန်းသိမ်းရေးစခန်းကနေ လွှတ်ပေးလိုက်ပြီလို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အဲဒီအထဲက အသက် ၄၀ အရွယ် တက္ကဆက် စီးပွားရေးသမား ဆွီဒန်ဟာ ၂၀၁၂ ခုနှစ်ကတည်းက ဖမ်းဆီးခံထား ရပြီး မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်စွဲချက်တွေနဲ့ ၂၀၁၉ ခုနှစ်မှာ သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ကျန်နှစ်ယောက်က တော့ သူလျှိုမှုစွဲချက်တွေနဲ့ ဖမ်းဆီးခံထားရ တာပါ။ အမေရိကန်ဘက်ကလည်း အနည်းဆုံး တရုတ်နိုင်ငံသား နှစ်ယောက်ကို တရုတ်နိုင်ငံဆီ ပြန်ပို့မယ်လို့ သိရပါတယ်။ အဲဒီထဲက တစ်ယောက်ဟာ GE Aviation ကနေ နည်းပညာ ခိုးယူဖို့ ကြိုးပမ်းမှုကြောင့် အဖမ်းခံခဲ့ရတာလို့ မနှစ်က CNBC သတင်းက ထုတ်လွှင့်ခဲ့ပါတယ်။