တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ တရုတ်နိုင်ငံကို ခြောက်ရက်ကြာ တရားဝင် အလည်အပတ်ခရီး ရောက်ရှိနေတဲ့ စင်ကာပူဝါရင့်ဝန်ကြီး လီရှန်လွန်းနဲ့ နိုဝင်ဘာ ၂၆ ညနေပိုင်းက တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံရာမှာ သမ္မတရှီက ပြီးခဲ့တဲ့နှစ်က စင်ကာပူ-တရုတ် ဆက်ဆံရေးကို ဘက်စုံ အရည်အသွေးမြင့် အနာဂတ်ဦးတည်တဲ့ မိတ်ဖက် ဆက်ဆံရေးအဖြစ်ကို မြှင့်တင်ခဲ့တာဟာ နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးမှုအတွက် ရှင်းလင်းတဲ့ မဟာဗျူဟာ မူဘောင်တစ်ရပ် ချမှတ်ခဲ့တာလို့ ပြောဆိုခဲ့ပါတယ်။
မစ္စတာလီကလည်း မသေချာ မရေရာမှုတွေနဲ့ ပြဿနာများနေတဲ့ နိုင်ငံတကာပတ်ဝန်းကျင်ကြောင့် တရုတ်-စင်ကာပူ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဟာ အထူးတန်ဖိုးရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။ နှစ်နိုင်ငံခေါင်းဆောင် တွေဟာ အနာဂတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအတွက် အသေးစိတ်ပုံစံအဖြစ် တရုတ်-စင်ကာပူ ဆူကျိုးစက်မှု ဥယျာဉ် (SIP) ပုံစံကိုလည်း ချီးကျူးခဲ့ကြပါတယ်။
ရှုပ်ထွေးတဲ့ ပထဝီဝင်နိုင်ငံရေး ရာသီဥတုကြားမှာ စင်ကာပူနဲ့ တရုတ်ခေါင်းဆောင်တွေက နွေးထွေးတဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို ချီးကျူးခဲ့ကြပြီး အပြန်အလှန် အကျိုးဖော်ဆောင်ပေးရုံသာမက ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ သာ ယာဝပြောရေးကိုပါ ပံ့ပိုးပေးတဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးတန်ဖိုးကို ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။
မစ္စတာလီဟာ ၂၀၀၄ ခုနှစ်ကစတင်ပြီး စင်ကာပူဝန်ကြီးချုပ်တာဝန်ယူခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း တရုတ်နိုင်ငံ ကို ၁၄ ကြိမ် သွားရောက်ခဲ့ပါတယ်။ ခေါင်းဆောင်နှစ်ဦးဟာ မစ္စတာလီ ဝန်ကြီးချုပ်ဖြစ်ဆဲကာလ ၂၀၂၃ မတ်လက နောက်ဆုံတွေ့ဆုံခဲ့ကြတာပါ။ မစ္စတာလီ ဝန်ကြီးချုပ်အဖြစ်ကနုတ်ထွက်ပြီး မစ္စတာလောရန့်စ်ဝေါင်ကို ခေါင်း ဆောင်မှုတာဝန်တွေ ပေးအပ်ခဲ့တဲ့ မေလမှာ အောင်မြင်တဲ့ အစိုးရအကူးအပြောင်းအတွက် စင်ကာပူနိုင်ငံကို ရှီက ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။