မက္ကဆီကို၊ ကနေဒါနဲ့ တရုတ်တို့က သူတို့ကုန်စည်တွေအပေါ် အမေရိကန်က စည်းကြပ်ခွန်တွေ တိုးကောက်ရင် ပါဝင်ပတ်သက်သူအားလုံးရဲ့ စီးပွားရေးကို ထိခိုက်နိုင်ပြီး ငွေကြေးဖောင်းပွမှုကို ဆိုးရွားစေမယ့် အန္တရာယ်ရှိတယ် လို့ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ကို သတိပေးလိုက်ပါတယ်။
အမေရိကန်ရဲ့ ကုန်သွယ်ဖက်တွေဖြစ်တဲ့ ဒီသုံးနိုင်ငံကို သူ သမ္မတအဖြစ် ကျမ်းကျိန်ပြီးတာနဲ့ အခွန်တိုးကောက်ဖို့ စီမံခန့်ခွဲရေးအမိန့် ထုတ်ပြန်မယ်လို့ ထရမ့်က နိုဝင်ဘာ ၂၅ ရက်မှာ ကြေညာခဲ့တာပါ။ ကနေဒါနဲ့ မက္ကဆီကို နိုင်ငံတွေက သွင်းကုန်တွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်မှာဖြစ်ပြီး ဖန်တနိုင်းလို မူးယစ်ဆေးဝါးတွေ၊ နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းသူတွေကို လုံးဝတားဆီးပိတ်ပင်တဲ့အထိ ကောက်ခံမယ်လို့ဆိုပါတယ်။ တရုတ် ကုန်စည်တွေအပေါ်လည်း နောက်ထပ် ထပ်ဆောင်းခွန် ၁၀ ရာခိုင်နှုန်းတိုးကောက်မယ်လို့ ထရမ့်က ပြောခဲ့ပါ တယ်။
အခုအခါ မက္ကဆီကိုသမ္မတ ကလော်ဒီရာ ရှိန်းဘာအမ်က စည်းကြပ်ခွန်တွေ ကောက်ခံတာက ငွေကြေးဖောင်းပွမှုနဲ့ အလုပ်အကိုင် ဆုံးရှုံးမှုတွေဖြစ်စေနိုင်ပြီး လက်တုံ့ပြန်မယ်လို့ ပြောလိုက်ပါတယ်။ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုးကလည်း တနင်္လာနေ့ ညပိုင်းက ဖုန်းဆက်ဆွေးနွေးခဲ့သလို တစ်ချိန်တည်းမှာပဲ ဝါရှင်တန်ရှိ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူကလည်း ကုန်သွယ်ရေးစစ်ပွဲဖြစ်ရင် ဘယ်သူမှ အနိုင်ရမှာ မဟုတ်ဘူးလို့ တုံ့ပြန်ပြောဆို ခဲ့ပါတယ်။