ဝေါ့ဒစ္စနေကုမ္ပဏီဟာ လစာပေးတဲ့နေရာမှာ ခွဲခြားဆက်ဆံတယ်ဆိုပြီး တရားစွဲဆိုခံရမှုကိုဖြေရှင်းဖို့ ဒေါ်လာ ၄၃ ဒသမ ၃ သန်း ပေးဆောင်ဖို့ သဘောတူလိုက်ပါတယ်။ တူညီတဲ့ အလုပ်ရာထူးရှိသူ ခြောက်ယောက်ဟာ မိမိထက် လစာသိသိသာသာ ပိုမိုရရှိတာကို အမျိုးသမီးဝန်ထမ်းတစ်ယောက်က သိရှိသွားပြီးနောက် ၂၀၁၉ ခုနှစ်က ကုမ္ပဏီ ကို တရားစွဲဆိုခဲ့တာပါ။ လာရွန်ဒါ ရာ့စ်မူဆန်းဆိုတဲ့ အမျိုးသမီးက ဖျော်ဖြေရေးကုမ္ပဏီကြီးကို တရားစွဲဆိုတဲ့ အဲဒီ အမှုမှာ ဒစ္စနေရဲ့ လက်ရှိနဲ့ဝန်ထမ်းဟောင်း အမျိုးသမီးဝန်ထမ်း ၉၀၀၀ လောက် ပါဝင်လာခဲ့ပါတယ်။
နောက်ဆုံးတော့ ဝေါ့ဒစ္စနေဟာ ကယ်လီဖိုးနီးယားက အမျိုးသမီးဝန်ထမ်းတွေဟာ ရှစ်နှစ်တာကာလအတွင်း အမျိုးသားဝန်ထမ်းတွေထက် ဒေါ်လာသန်း ၁၅၀ လျော့နည်းရရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ဖြေရှင်းဖို့ ဒေါ်လာ ၄၃ ဒသမ ၃ သန်း ပေးအပ်မယ်လို့ သဘောတူခဲ့ပါတယ်။ ပြေလည်မှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဝေါ့ဒစ္စနေဟာ ဒုဥက္ကဋ္ဌအဆင့်အောက် သမဂ္ဂအဖွဲ့ဝင် မဟုတ်တဲ့ ကယ်လီဖိုးနီးယားက အလုပ်သမားတွေကြား လုပ်ခလစာ သာတူညီမျှမှုကို ခွဲခြမ်းစိတ်ဖြာဖို့ အလုပ်သမားဘောဂဗေဒပညာရှင်တစ်ယောက်ကို သုံးနှစ်ကြာ ခန့်ထားဖို့လည်း သဘောတူညီခဲ့ပါတယ်။
ဒါပေမဲ့ ကယ်လီဖိုးနီးယားပြည်နယ်တရားရုံးမှာ တင်သွင်းခဲ့တဲ့ ပြေလည်ရေး သဘောတူညီချက်ကို တရားသူကြီး တစ်ယောက်ရဲ့ အတည်ပြုချက် လိုအပ်နေတုန်းပဲလို့ ဆိုတယ်။ Disney ရဲ့ လူ့စွမ်းအားအရင်းအမြစ်ဒေတာကို ၂၀၁၅ ခုနှစ် ဧပြီလကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ ခွဲခြမ်းစိတ်ဖြာချက်အရ ဝန်ထမ်းတွေထဲက အမျိုးသမီး တွေဟာ အမျိုးသားတွေထက် လစာ ၂ ရာခိုင်နှုန်းလောက် လျော့နည်းရခဲ့တာတွေ့ရတယ်လို့ သိရပါတယ်။