ရွေးကောက်ခံ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်မှာ စတင်တာဝန်ထမ်းဆောင်တဲ့ ပထမနေ့ ကျရင် တရုတ်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတွေအပေါ် အခွန်စည်းကြပ်မှုအသစ်တွေ ချမှတ်သွားမယ်လို့ ပြောလိုက် ပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံထဲကို တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှုနဲ့ မူးယစ်ဆေး မှောင်ခိုတင်သွင်းမှု တွေကို နှိမ်နင်းဖို့ အားထုတ်မှုတစ်ရပ်အနေနဲ့ လုပ်ဆောင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရွေးကောက်ခံ သမ္မတ ထရမ့်က ဇန်နဝါရီ(၂၀)ရက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးပြီးချင်းမှာ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတွေဆီကနေလာတဲ့ ကုန်စည်အားလုံးအပေါ် အခွန်(၂၅)ရာခိုင်နှုန်း စည်းကြပ်မဲ့ သမ္မတအုပ်ချုပ်ရေး အမိန့်ကိုထုတ်ပြန်မယ်လို့ ပြောပါတယ်။ ဒါ့အပြင် တရုတ်အစိုးရအနေနဲ့ ဖန်တနိုင်းလ်မူးယစ်ဆေးတွေ အမေရိကန် ပြည်ထဲ မှောင်ခို ဝင်ရောက်နေမှုကို တားဆီးပိတ်ပင်မှုလုပ်လာတဲ့အထိ တရုတ်ကုန်စည်တွေအပေါ် နောက်ဆက် တွဲ အခွန်(၁၀) ရာခိုင်နှုန်း ထပ်တိုးစည်းကြပ်မယ်လို့လည်း ပြောပါတယ်။
ဘိုင်ဒန်အစိုးရကလည်း ပေကျင်းအနေနဲ့ ဖန်တနိုင်းလ်ဆေးဝါးမှာ အသုံးပြုတဲ့ ကုန်ကြမ်းထုတ်လုပ်မှု ရပ်ဆိုင်းရေး ပိုမိုလုပ်ဆောင်ဖို့ တစ်လျှောက်လုံး တောင်းဆိုနေခဲ့တာပါ။ ဖန်တနိုင်းလ်ဆေးကြောင့် ပြီးခဲ့တဲ့နှစ်အတွင်းက အမေ ရိကန်ပြည်သူ (၇၅,၀၀၀) အသက်သေဆုံးခဲ့တယ်လို့ ဝါရှင်တန်က ခန့်မှန်းထားပါတယ်။