ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားမိဘနှစ်ပါးက မွေးဖွားတဲ့ကလေးတွေအတွက် မွေးဖွားခြင်းမှတ်ပုံတင်နိုင်တယ် လို့ ဘန်ကောက်မြို့၊ မြန်မာသံရုံးက နိုဝင်ဘာ ၁၈ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ သား ဥပဒေပုဒ်မ(၁၀)အရ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားမိဘနှစ်ပါးက မွေးဖွားတဲ့ ကလေးတွေအတွက် မွေးဖွားကြောင်းကို မွေးဖွားတဲ့နေ့ကစပြီး တစ်နှစ်အတွင်း မြန်မာသံရုံး၊ ဘန်ကောက်မြို့နဲ့ မြန်မာကောင်စစ်ဝန်ချုပ် ရုံး၊ ချင်းမိုင်မြို့တို့မှာ မိဘ(ဒါမှမဟုတ်) အုပ်ထိန်းသူကိုယ်တိုင် လာရောက်မှတ်ပုံတင်နိုင်တယ်လို့ ဆိုပါတယ်။
မှတ်ပုံတင်တာကို မွေးစာရင်းမိတ္တူနဲ့အတူ နိုင်ငံတော်ပြင်ပမှာ ကလေးမွေးဖွားခြင်းမှတ်တမ်း (ပုံစံ နိုင်-၈) ပူးတွဲ (က)ပါ ဖြည့်စွက်ကာ မှတ်ပုံတင်နိုင်တယ်လို့ သိရပါတယ်။ မှတ်ပုံတင်ရာမှာ မိဘနှစ်ပါးရဲ့ မြန်မာနိုင်ငံ ကူးလက် မှတ်မိတ္တူ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ မိဘနှစ်ပါးရဲ့ လျှောက်လွှာနဲ့ဝန်ခံကတိပြုချက်မိတ္တူတို့ကို ပူးတွဲ တင်ပြရမှာဖြစ်ပါတယ်။
မွေးဖွားခြင်းမှတ်ပုံတင်ပြီး ထိုင်းနိုင်ငံမှာ ဆက်လက်နေထိုင်ဖို့လိုအပ်ရင် မြန်မာနိုင်ငံကူးလက်မှတ်(မွေးတိုး)ကို မြန်မာသံရုံး၊ ဘန်ကောက်မြို့နဲ့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ချင်းမိုင်မြို့တို့မှာ လျှောက်ထားနိုင်တယ်လို့ သိရပါ တယ်။ ဒါ့အပြင် မြန်မာနိုင်ငံကူးလက်မှတ်အသစ်(မွေးတိုး) မလျှောက်ထားဘဲ မြန်မာနိုင်ငံကို အမြန်ပြန်လည် ခေါ်ဆောင်လိုရင်လည်း တစ်ခါသုံး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ကို လျှောက်ထားရယူနိုင် တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။