ဂါဇာမှာ ချက်ချင်းအပစ်ရပ်ဖို့တောင်းဆိုထားတဲ့ လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ဟာ ဓားစာခံတွေ လွတ်မြောက် ရေးကို အာမခံချက်မပေးနိုင်ဘူးဆိုပြီး အမေရိကန်ပြည်ထောင်စုက ဗုဒ္ဓဟူးနေ့မှာ ဗီတိုနဲ့ ပယ်ချလိုက်ပါတယ်။ ဓားစာခံလွတ်မြောက်ရေးကို အာမမခံတဲ့ ခြွင်းချက်မရှိ အပစ်ရပ်စဲရေးကို မထောက်ခံနိုင်ဘူးဆိုတာ စေ့စပ်ညှိုနှိုင်း မှု အဆင့်တိုင်းမှာ ရှင်းရှင်းလင်းလင်း ပြောကြားထားပြီးဖြစ်ကြောင်း ကုလဆိုင်ရာ အမေရိကန် ဒုသံအမတ် ရောဘတ်၀ုဒ်က ဆုံးဖြတ်ချက်ကို ဗီတိုအာဏာနဲ့ ပယ်ချအပြီးမှာ ပြောကြားခဲ့ပါတယ်။
လုံခြုံရေးကောင်စီကနေ အရင်က တောင်းဆိုခဲ့ဖူးတဲ့အတိုင်း ရေရှည်စစ်ရပ်စဲမှုဟာ ဓားစာခံလွတ်မြောက်ရေးနဲ့ အတူ ပေါ်ပေါက်ရမှာဖြစ်ကြောင်းနဲ့ အခုဆုံးဖြတ်ချက်ဟာ အဲဒီလိုအပ်ချက်ကို စွန့်လွှတ်ထားတယ်လို့ သူက ဆက် ပြောပါတယ်။ ဒါကြောင့် ဆုံးဖြတ်ချက်ကို မထောက်ခံနိုင်ကြောင်း ဖြည့်စွက်ပြောဆိုပါတယ်။ အမေရိကန်နိုင်ငံ သား (၇)ယောက်ဟာ ဂါဇာဒေသမှာ ဆက်လက်ပြန်ပေးဆွဲခံနေရဆဲဖြစ်တဲ့အတွက် သူတို့ကိုမေ့သွားမှာ မဟုတ် ကြောင်းလည်း အမေရိကန် ဒုသံအမတ်က ပြောပါတယ်။
ကုလ လုံခြုံရေးကောင်စီက ထုတ်ပြန်ခဲ့တဲ့ ဆုံးဖြတ်ချက်မှာ ခြွင်းချက်မရှိ ရေရှည်ခံတဲ့ အပစ်ရပ်စဲမှုကို ချက်ချင်း ဖော်ဆောင်ပြီး အစုအဖွဲ့အားလုံးက လေးစားလိုက်နာဖို့နဲ့ ဓားစာခံအားလုံးကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးဖို့ပါ ထပ်မံ တောင်းဆိုထားတာပါ။ ဒါပေမဲ့ အမေရိကန် တာဝန်ရှိသူတွေကတော့ ဆုံးဖြတ်ချက်ဟာ ဓားစာခံ လွှတ်ပေး ရေးကို အပစ်ရပ်စဲရေးအတွက် လိုအပ်ချက်အဖြစ် ဖော်ပြမထားတာ၊ အောက်တိုဘာ(၇)ရက် ဟားမာ့စ် အကြမ်း ဖက်တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချဖို့ ပျက်ကွက်တာတွေကြောင့် ဆုံးဖြတ်ချက်ပါ စကားရပ်တွေဟာ လုံလောက် တဲ့ လေးနက်မှုမရှိဘူးလို့ ပြောကြပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီမှာ ဗြိတိန် အပါအဝင် ကျန်အဖွဲ့ ဝင် (၄)နိုင်ငံက မဲပေးထောက်ခံခဲ့ပေမယ့် အမေရိကန်နိုင်ငံက ဗီတိုအာဏာကျင့်သုံးပြီး ပယ်ချခဲ့တာဖြစ်ပါတယ်။