အီလွန်မတ်ခ်ရဲ့ SpaceX ဟာ အာကာသပျံသန်းမှုစွမ်းရည်ကို မြှင့်တင်ဖို့ Starship အာကာသယာဉ်နဲ့ဧရာမဒုံးပျံကို အင်္ဂါနေ့က တက္ကဆက်ကနေ အာကာသကို လွှတ်တင်စမ်းသပ်ခဲ့ပြီး အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ် ထရမ့်က ဒုံးပျံစက်ရုံကနေ စောင့်ကြည့်ခဲ့ပါတယ်။
အာကာသယာဉ်မှူးတွေ လပေါ်သွားဖို့နဲ့ အင်္ဂါဂြိုဟ်ဆီစေလွှတ်ဖို့ ရည်ရွယ်ထားတဲ့ ပေ ၄၀၀ မြင့်တဲ့ ဒုံးပျံစနစ်ကို ညနေ ၄ နာရီမှာလွှတ်တင်ခဲ့ပြီး ၂၃၃ ပေ မြင့်တဲ့ Super Heavy ပထမဆင့် ဒုံးပျံဟာ ဒုတိယဆင့် Starship အာကာသယာဉ်ကို အာကာသထဲ ခွဲထုတ်ပို့ဆောင်ပေးခဲ့ပါတယ်။ ဒါပေမယ့် Super Heavy ဒုံးပျံကတော့ ပစ်လွှတ်လိုက်တဲ့ မျှော်စင်ရှိရာ ကုန်းမြေကို ပြန်လာရမယ့်အစား မက္ကဆီကိုပင်လယ်ကွေ့မှာ ပြုတ်ကျ ပေါက်ကွဲသွားခဲ့ပါတယ်။
SpaceX ဟာ ပြီးခဲ့တဲ့လက ဆန်းသစ်တဲ့ ဒုံးပျံ ပြန်ဆင်းသက်တာကို ဖမ်းယူတဲ့နည်းလမ်းကို ပထမဆုံးအကြိမ် သရုပ်ပြခဲ့နိုင်ပါတယ်။ အင်္ဂါနေ့က ဆင်းသက်ဖမ်းယူရေးကတော့ ပိုမိုမြန်ဆန်လို့ ခက်ခဲတယ်လို့ အီလွန်မတ်ခ်က ကြိုတင် ပြောဆိုခဲ့ပါတယ်။ ဖမ်းယူမှုကလွဲလို့ ကျန်တဲ့စမ်းသပ်မှုတွေက အောင်မြင်ပြီး Starship ဟာ အာကာသထဲ တစ်နာရီလောက် မောင်းနှင်ကာ အိန္ဒိယသမုဒ္ဒရာထဲ ပြန်လည်ကျဆင်းခဲ့ပါတယ်။
NASA အကြီးအကဲ ဘီလ်နီလ်ဆင်က SpaceX ကို ဂုဏ်ပြုပြောဆိုခဲ့ပြီး Starship ရဲ့ အာကာသအတွင်း အင်ဂျင်လည်ပတ်မှုဟာ ပတ်လမ်းကြောင်းဆိုင်ရာ ပျံသန်းမှုဆီ ဦးတည်တဲ့ ကြီးမားတဲ့တိုးတက်မှုကို အမှတ်အသားပြုခဲ့တယ်လို့ သိရပါတယ်။