အီတလီနိုင်ငံ ပါလီမန်မှာ ဗုဒ္ဓဟူးနေ့က အစည်းအဝေးကျင်းပနေချိန်မှာ ပါလီမန်အမတ်တွေ ၀ရုန်းသုန်းကား ထိုးကြိတ်ခိုက်ရန် ဖြစ်ခဲ့ကြလို့ အမတ်တစ်ယောက် လက်တွန်းလှည်းနဲ့ အစည်းအဝေးခန်းမထဲကနေ ခေါ်ထုတ် သွားရတဲ့အထိ ဖြစ်ပေါ်ခဲ့ပါတယ်။
ပါလီမန်တွင်းမှာ အငြင်းပွားဖွယ်ရာ ဒေသန္တရ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဥပဒေကြမ်း နဲ့ ပတ်သက်ပြီး ဆွေးနွေးနေချိန် အခုလို ထိုးကြိတ်ခိုက်ရန်ဖြစ်မှု ပေါ်ပေါက်ခဲ့တာပါ။ 5-star movement ပါတီက အမတ် လီယိုနာဒို ဒွန်နိုဆိုသူက လက်ယာစွန်း အဖွဲ့ချုပ်ရဲ့ ဒေသန္တရရေးရာဝန်ကြီး ရောဘတ်တို ကာလ်ဒဲရိုလီ ကို အလံတစ်ခု ပေးဖို့ လုပ်ရာကနေ ရန်ပွဲစခဲ့တာပါ။
ပါလီမန်စာရေးက ဒွန်နိုကို သွားရောက် ဟန့်တားပြီး မကြာခင် မှာပဲ တခြားအမတ်တွေကလည်း ဒွန်နို နားကို ရောက်လာခဲ့ပြီး ရုန်းရင်းဆန်ခတ် ထိုးကြိတ်မှု စတင်ခဲ့ပါတယ်။ လက်ယာစွန်းအဖွဲ့ချုပ်ရဲ့ အမတ် အီဂေါ လဲဇီး က ဒွန်နိုကို လက်သီးနဲ့ သုံးချက် ပစ်ထိုးခဲ့ရာမှာ ဒွန်နိုလဲကျသွားတဲ့ အတွက် သူ့ကို လက်တွန်းလှည်းနဲ့ ပါလီမန် အစည်းအဝေး ခန်းမအပြင်ကို ခေါ်ထုတ်သွားခဲ့ရပါတယ်။
ဒေသတွင်း မီဒီယာတွေကို ပြောပြရာမှာတော့ ဒွန်နိုက သူဟာ ကျန်းမာရေး စစ်ဆေးဖို့ ဆေးရုံကို သွားခဲ့ရပြီး သူ့ကို ကိုယ်ထိ လက်ရောက် ကျူးလွန်သူကို တရားစွဲဆိုသွားမယ်လို့ ပြောပါတယ်။ အမတ်တွေ ရန်ဖြစ်ထိုးကြိတ်ခဲ့ရတဲ့ ဥပဒေကြမ်းကို ကြာသပတေးနေ့မှာ ဆက်လက် ဆွေးနွေးသွားကြဦးမှာ ဖြစ်ပါတယ််။