စင်ကာပူနိုင်ငံတည်ထောင်သူ လီကွမ်းယုရဲ့သား လီရှန်းယန်ရဲ့ ဗြိတိန်နိုင်ငံမှာ ဒုက္ခသည်ခိုလှုံခွင့်လျှောက်ထားမှုကို ဗြိတိန်အစိုးရက အင်္ဂါနေ့မှာ လက်ခံအတည်ပြုပေးလိုက်ပါတယ်။
အများပြည်သူကြား သတင်းကျော်စောနေတဲ့ မိသားစု အချင်းများမှုတွေရှိနေစဉ်အတွင်း ဖိနှိပ်ညှဉ်းပန်းခံရတယ်လို့ လီရှန်းယန်ဘက်က ပြောဆိုမှုတွေ ရှိနေချိန် မှာ ဗြိတိန်နိုင်ငံမှာ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ရရှိတာပါ။
လီရှန်းယန်က ပြည်တွင်းမှာ အစ်ကိုဖြစ်သူ လီရှန်းလွန်း နှစ်(၂၀)ကြာ ဦးဆောင်ခဲ့တဲ့ စင်ကာပူအစိုးရရဲ့ ဖိနှိပ်ညှဉ်းပန်းမှုကို ခံနေရတယ်လို့ စွပ်စွဲပြောဆိုမှုတွေ လုပ်နေတာပါ။
လီရှန်းလွန်းနဲ့ လီရှန်းယန်တို့ဟာ ဖခင် လီကွမ်းယု သေဆုံးတဲ့ ၂၀၁၅ ခုနှစ်နောက်ပိုင်း အိမ်အမွေ ဆက်ခံခွင့် ရရှိရေး အငြင်းပွားခဲ့ရာကနေ တိုင်းသိပြည်သိ မိသားစုတွင်း ရန်ပွဲအဆင့်ကို ရောက်ရှိလာခဲ့ပါတယ်။
လီရှန်းယန်ဟာ အရင်က စင်ကာပူရဲ့ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်ဖြစ်ခဲ့ပြီး စင်ကာပူ ဆက်သွယ်ရေးကုမ္ပဏီရဲ့ အကြီးအကဲ ဟောင်းလည်း ဖြစ်ပါတယ်။
မိသားစုရန်ပွဲစတင်တဲ့နောက်မှာတော့ အတိုက်အခံပါတီထဲကို ဝင်ရောက်ခဲ့ကာ ဗြိတိန် နိုင်ငံမှာ ဇနီး၊ သားသမီးတွေနဲ့ တိမ်းရှောင်နေထိုင်စဉ်တစ်လျှောက်လုံး အတိုက်အခံအဖြစ် ဆက်လက်လှုပ်ရှားခဲ့ပါတယ်။
စင်ကာပူအစိုးရဘက်လည်း သူ့အပေါ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့သလို ဥပဒေကြောင်းအရ ဆောင်ရွက် တာတွေလည်း လုပ်ခဲ့တဲ့အတွက် ဒါကို ဖိနှိပ်ညှဉ်းပန်းမှုလို့ လီရှန်းယန်က သတ်မှတ် ဝေဖန်ထားတာပါ။
ဒါ့အပြင် အစ်ကိုဖြစ်သူ လီရှန်းလွန်းဟာ ဖခင် လီကွမ်းယုရဲ့ နောက်ခံသမိုင်းကြောင်းကို အသုံးချပြီး နိုင်ငံရေးမင်းဆက်တစ်ခု ထူထောင်ဖို့ အားထုတ်နေကြောင်း၊ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေစဉ်မှာလည်း အာဏာအလွဲသုံးစားလုပ်ခဲ့ပြီး အဲဒီအတွက် အစိုးရဌာနဆိုင်ရာတွေကို အသုံးချကာ သူတို့ကို ရန်မူမှာ ကြောက်ရွံကြောင်း လီရှန်းယန်က ညီမ ဖြစ်သူ လီဝေလင်းနဲ့အတူ ပူးတွဲပြီး လီရှန်းလွန်းကို စွပ်စွဲထားပါတယ်။
စင်ကာပူအစိုးရကတော့ စွပ်စွဲချက်ကို ငြင်းဆိုထားပြီး သူ့အနေနဲ့ အိမ်ကို လွတ်လွတ်လပ်လပ် ပြန်လာနိုင်ကြောင်း တုံ့ပြန်ထားပေမဲ့ လီရှန်းလွန်း ဘက်ကတော့ သဘောထားမှတ်ချက် တစ်စုံတစ်ရာ ပေးတာမျိုး မရှိပါဘူး။