အခြေအနေတွေ ရှုပ်ထွေးနေချိန်မှာ မျှတတဲ့ ကမ္ဘာ့အစီအစဉ်တစ်ရပ်ပေါ်ပေါက်ဖို့အတွက် ပူးပေါင်းဆောင်ရွက်မှု တွေကို မြှင့်တင်သွားဖို့ ကတိပြုကြောင်း ရုရှားနဲ့ တရုတ် ခေါင်းဆောင်တွေက အင်္ဂါနေ့မှာ ပြောလိုက်ကြပါတယ်။
ရုရှားနိုင်ငံ ကာဇန်မြို့မှာ ကျင်းပတဲ့ (BRICS)ထိပ်သီးအစည်းအဝေးရဲ့ဘေးဆွယ်တွေ့ဆုံမှုမှာ ရုရှားသမ္မတ ပူတင်နဲ့ တရုတ်သမ္မတ ရှီကျင်းဖျင်တို့က အခုလို ကတိပြုသွားခဲ့ကြတာပါ။
အနောက်အုပ်စု ဦးဆောင်တဲ့ ကမ္ဘာ့အစီအစဉ် အပြင် နောက်ထပ် ရွေးချယ်စရာနည်းလမ်းတစ်ခုကို ဖော်ဆောင်နိုင်ဖို့ ကမ္ဘာ့စီးပွားရေးအင်အားကြီး ရုရှားနဲ့ တရုတ်တို့ ကြိုးပမ်းနေချိန်မှာ နှစ်နိုင်ငံခေါင်းဆောင်တွေက အခုလို ကတိပြုပြောကြားတာလည်း ဖြစ်ပါတယ်။
ကမ္ဘာ့အရေးအခင်းတွေမှာ ရုရှား-တရုတ် ပူးပေါင်းဆောင်ရွက်မှုဟာ ကမ္ဘ့ာဇာတ်ခုံကို တည်ငြိမ်စေတဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခုလို့ ရုရှားသမ္မတ ပူတင်က တွေ့ဆုံမှု အဖွင့်မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။
ကမ္ဘာလုံး ဆိုင်ရာ လုံခြုံရေးနဲ့ မျှတတဲ့ ကမ္ဘာ့အစီအစဉ်တစ်ရပ်အတွက် နယ်ပယ်အများအပြားမှာ ပူးပေါင်းညှိနှိုင်းမှုတွေကို ရှေ့ဆက် တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ပြောသွားပါတယ်။
တရုတ်သမ္မတ ရှီကလည်း ကမ္ဘာကြီးဟာ ရာစုနှစ် တစ်ခုထဲမှာ မမြင်တွေ့ခဲ့ရတဲ့ အဓိက အပြောင်းအလဲကြီးတစ်ခုကို ကြုံတွေ့နေရပြီး နိုင်ငံတကာ အခြေအနေ အရပ်ရပ်ဟာလည်း ပြောင်းလဲနေပြီးတော့ ရှုပ်ထွေးနေကြောင်း၊ ဒါပေမဲ့ တရုတ်နဲ့ ရုရှားတို့အကြား မျိုးဆက်နဲ့ချီတဲ့ နက်ရှိုင်းတဲ့ ချစ်ကြည်ရင်းနှီးမှုဟာ ပြောင်းလဲသွားမှာ မဟုတ်ဘဲ နိုင်ငံကြီးတစ်နိုင်ငံရဲ့ ကမ္ဘာနဲ့ ကမ္ဘာ့ပြည်သူတွေကို ကူညီရမဲ့ တာဝန်၀တ္တရားဟာလည်း ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
တရုတ်-ရုရှားတို့အနေနဲ့ အိမ်နီးချင်းအင်အားကြီးနိုင်ငံတွေနဲ့ မဟာမိတ်ဖွဲ့စရာမလိုဘဲ၊ ထိပ်တိုက်ရင်ဆိုင်ဖို့ မလိုဘဲ တတိယကြားနိုင်ငံတွေကို ပစ်မှတ်ထားဖို့မလိုဘဲ အတူယှဉ်တွဲနေထိုင်နိုင်မဲ့ မှန်ကန်တဲ့ နည်းလမ်းတစ်ခုကို ရှာဖွေနေကြောင်းလည်း တရုတ်သမ္မတ ရှီက ပြောသွားခဲ့ပါတယ်။