ဟစ်ဇ်ဘိုလာရဲ့ ဘဏ္ဍာရေး အကြီးအကဲကို ဆီးရီးယားနိုင်ငံထဲမှာ သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း အစ္စရေး စစ်တပ်က တနင်္လာနေ့မှာ ပြောလာပါတယ်။
အမည်ထုတ်ပြန်မထားတဲ့ အဲဒီအမျိုးသားဟာ ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ ယူနစ် (၄၄၀၀)ကို ဦးဆောင်သူဖြစ်ပြီး အဲဒီယူနစ်ဟာ တီဟီရန်ရဲ့ ရေနံရောင်းရငွေတွေကနေတစ်ဆင့် ဟစ်ဇ်ဘိုလာကို ရန်ပုံငွေတွေ လွှဲပြောင်းပေးရတဲ့ ယူနစ်ဖြစ်တယ်လို့ အစ္စရေး စစ်တပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရေကြောင်း ဗိုလ်ချုပ် ဒန်နီရယ် ဟာဂါရီက ပြောပါတယ်။
အဲဒီဟစ်ဇ်ဘိုလာ ဘဏ္ဍာရေးအကြီးအကဲကို ဆီးရီးယားမှာ လွန်ခဲ့တဲ့ နာရီအနည်းငယ်ကပဲ ရှင်းလင်းနိုင်ခဲ့တာပါ။ သူ့မတိုင်ခင် အဲဒီ ယူနစ်ကို ရှိတ်ခ် ဆာလာ ဆိုသူက ဦးဆောင်ပြီး သူ့ကတော့ အောက်တိုဘာ လဆန်းပိုင်းက ဘေရွတ်မြို့တော်ကို ပစ်မှတ်ထား တိုက်ခိုက်မှု တစ်ခုလုပ်ခဲ့ရာမှာ သေဆုံးသွားခဲ့ပြီးဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
တနင်္လာနေ့ မနက်ပိုင်းမှာ ဒမတ်စကပ်မြို့တော်အနီးက ကားတစီးကို ပစ်မှတ်ထားတဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း လူ(၂)ယောက် သေဆုံးသွားခဲ့တယ်လို့ ဆီးရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
ယူနစ် (၄၄၀၀)ဟာ အီရန်ရေနံတွေကို ဆီးရီးယားဆီ ပေးပို့ရေးမှာ တာဝန်ယူဆောင်ရွက်ရပြီး အဲဒီရေနံတွေကို လက်ဘနွန်မှာ ရောင်းချကြပါတယ်။