ဗီယက်နမ်နိုင်ငံမှာ စစ်ဗိုလ်ချုပ်ဟောင်း လွမ်ကုန်းကို သမ္မတအဖြစ် တနင်္လာနေ့က ရွေးချယ်တင်မြှောက်လိုက် ပါတယ်။ သမ္မတဟောင်း တိုလမ်ရဲ့နေရာမှာ အသက်(၆၇)နှစ်အရွယ် စစ်ဗိုလ်ချုပ်ဟောင်း လွမ်ကုန်းကို ဗီယက်နမ် အမျိုးသားလွှတ်တော်က တနင်္လာနေ့မှာ ရွေးချယ်ခန့်အပ်သွားခဲ့တာ ဖြစ်ပါတယ်။
သမ္မတဟောင်း တိုလမ်ဟာ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရချိန်တုန်းက နိုင်ငံရဲ့ ဩဇာအာဏာ အကြီးဆုံးဖြစ်တဲ့ ဗီယက်နမ်ကွန်မြူနစ် ပါတီ အထွေထွေအတွင်းရေးမှူးချုပ် ရာထူးကိုပါ ခန့်အပ်ခံရသူပါ။
အခုတင်မြှောက်ခံရတဲ့ သမ္မတ လွမ်ကုန်း ကတော့ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ဗီယက်နမ်ကို ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေ နိုင်ငံ၊ နိုင်ငံတကာ အသိုက်အဝန်းမှာ တက်ကြွပြီး တာဝန်ယူမှုရှိတဲ့ နိုင်ငံအဖြစ် မြှင့်တင်သွားမယ်လို့ ကတိပြုသွားခဲ့ပါတယ်။
ဗီယက်နမ်စစ်တပ်မှာ ဆယ်စုနှစ် လေးစုကျော် တာဝန်ထမ်းဆောင်ခဲ့သူ လွမ်ကုန်းဟာ (၂၀၂၁)ခုနှစ်က စပြီး ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။
သူ့ကို ဗီယက်နမ်သမ္မတအဖြစ်တင်မြှောက်မှုဟာ လပေါင်းများစွာ ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှုနဲ့ (၂၀၁၁)ခုနှစ်ကစပြီး နိုင်ငံကို ခေါင်းဆောင်လာတဲ့ ပါတီ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ငုယင် ဖူထရောင်း ကွယ်လွန်ပြီးနောက်မှာ ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။