တရုတ်(ဟောင်ကောင်) တိရိစ္ဆာန်ရုံက မျောက်တွေ သေဆုံးခဲ့ရတာဟာ မီဒီယိုအီဒိုစစ် လို့ခေါ်တဲ့ ဘက်တီးရီးယား ကူးစက်မှုကြောင့်လို့ ဒေသအာဏာပိုင်တွေက တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။
အဲဒီ ဘက်တီးရီးယား ကူးစက်မှုကြောင့် အနည်းဆုံး မျောက်(၉)ကောင်ဟာ ပြီးခဲ့တဲ့ အပတ်ထဲမှာ သေဆုံးခဲ့ပြီး စနေ၊ တနင်္ဂနွေနေ့မှာတော့ နောက်ထပ် (၂)ကောင် သေဆုံးခဲ့ရပါတယ်။
အဲဒီတိရစ္ဆာန်ရုံကိုလည်း မျောက်တွေ သေဆုံးပြီးတဲ့နောက် အောက်တိုဘာ (၁၄)ရက်နေ့ကစပြီး ပိတ်ထားခဲ့ပါတယ်။
အဲဒီမျောက်တွေဟာ ရောဂါကူးစက်ခံရချိန်မှာ သူတို့ရဲ့ ကိုယ်ခံအား စနစ်က ကူးစက်ရောဂါကို အလွန်အကျွံတုံ့ပြန်မှုကြောင့် ဆဲလ်တွေနဲ့ ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးကာ သေဆုံးခဲ့ရတာလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
သေဆုံးတဲ့ မျောက်တွေကို ရင်ခွဲစစ်ဆေးကြည့်ရာမှာ ကိုယ်တွင်းအင်္ဂါတွေမှာ ဘက်တီးရီးယားတွေ အပါအဝင် မီဒီယိုအီဒိုစစ်ပမာဏ အများအပြားတွေ့ရှိရတယ်လို့ ဆိုပါတယ်။
အဲဒီ အရာတွေဟာ မျောက်တွေ နေထိုင်ရာ နေရာ အနီးဝန်းကျင်က မြေမှုန့်တွေကနေ လာပုံရကြောင်း၊ မျောက်တွေကို ထားရှိတဲ့ နေရာအနီးက မြေကြီးကိုတူးဆွ စစ်ဆေးဖို့ လိုအပ်ကြောင်းနဲ့ နောက်ဆုံးသေသွားတဲ့ မျောက်နှစ်ကောင် ရဲ့ သေဆုံးရတဲ့အကြောင်းအရင်းကို သိရဖို့အတွက် နောက်ထပ် စစ်ဆေးမှုတွေလုပ်ဖို့ လိုအပ်နေသေးတယ်လို့ တရုတ်(ဟောင်ကောင်) အာဏာပိုင်တွေက ပြောပါတယ်။
လှောင်အိမ်နဲ့ အနီးတစ်ဝိုက်ကို အသွားအလာ ကန့်သတ် ထားတဲ့အတွက် လူနဲ့တိရစ္ဆာန်အကြား ထိတွေ့မှု ရှိမှာမဟုတ်ကြောင်း၊ စိုစွတ်တဲ့ ရွှံ့မြေမှာ ဘက်တီးရီးယားပိုးတွေ ရှိတတ်ပြီး အဲဒီပိုးတွေဟာ လူနဲ့တိရစ္ဆာန်ကို ကူးစက်နိုင်ပေမဲ့၊ တိရစ္ဆာန်ကနေ လူဆီကိုထပ်ဆင့် ကူးစက်တာမျိုး ဖြစ်နိုင်ဖွယ်မရှိကြောင်းလည်း အာဏာပိုင်တွေက ပြောပါတယ်။
အဲဒီတိရစ္ဆာန်ရုံဟာ တရုတ်ဟောင်ကောင်ဒေသရဲ့ ဘဏ္ဍာရေးအချက်အချာနေရာ အပေါ်ဘက်၊ အစိုးရအိမ်တော်တည်ရှိရာအနီးမှာ တည်ရှိပြီး ငှက်မျိုးစုံ (၁၅၈) ကောင် ၊ နို့တိုက်သတ္တဝါ (၇၀)နဲ့ တွားသွားသတ္တဝါ (၂၁)ကောင်ကို အလုံပိတ်လှောင်အိမ်တွေထဲမှာ ထည့်သွင်း စောင့်ရှောက်ထားတာဖြစ်ပါတယ်။